အစိုးရသစ် အမည်စာရင်း လွှတ်တော်သစ် မစခင် ထုတ်ပြန်မယ်

ဓာတ်ပုံ မူပိုင် NLD charperson
Image caption ဇန်နဝါရီ ၁၂ ငြိမ်းချမ်းရေး ညီလာခံ ကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်

ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီ အနေနဲ့ အစိုးရသစ်ဖွဲ့စည်းရေးနဲ့ ပတ်သတ်လို့ လွှတ်တော်သစ်တွေ မစခင်မှာ ထုတ်ပြန် ပြောကြားဖို့ ရှိတယ်လို့ ပါတီ ဗဟို အလုပ်အမှုဆောင်လဲ ဖြစ် ပါတီပြောခွင့်ရသူလဲ ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောလိုက်ပါတယ်။

ဇန်နဝါရီလ ၁၀ ရက်နေ့က ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင် တွေ နေပြည်တော်မှာ ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ်။

ပါတီ အနေနဲ့ အစိုးရသစ်ဖွဲ့စည်းရေး လွှတ်တော်ဖွဲ့စည်းရေး ကိစ္စတွေနဲ့ ပတ်သက်လို့ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီအလုပ်အမှုဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဆွေးနွေးမှုတွေ တော်တော်များများပြီးမြောက် နေပြီ ဖြစ်ပေမယ့် ဆုံးဖြတ်ချက်မချရသေးတဲ့အတွက် အသေးစိတ်ထုတ်မပြောနိုင်သေးဘူးလို့ ပါတီဗဟို အလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားမှာ ဖြစ်တဲ့ ဇန်နဝါရီလ (၁၂)ရက်နေ့မှာ ကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံကို အစိုးရ စစ်တပ် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ အပြင် နိုင်ငံရေးပါတီ တွေ နဲ့ တက်သိပညာရှင်တွေ အပါအဝင် စုစုပေါင်း အယောက် (၇၀၀) ကျော်လောက် တက်ရောက်ဖို့ ရှိနေပါတယ်။

NLD ပါတီရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ အစိုးရသစ် ဖွဲ့ပြီးမှ ထုတ်ပြန်မယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

လက်ရှိ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရသက်တမ်းဟာ လာမယ့် မတ်လကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ဒီနောက်တော့ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီကအစိုးရသစ် ဖွဲ့စည်းမှာ ဖြစ်ပါတယ်

ဒီသတင်းနဲ့ပတ်သက်သမျှ