ဗြိတိန် တေးသံရှင် ဘိုဝီ ကွယ်လွန်

  • 11 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ဘီတဲလ်စ်၊ ပရက်စလေ တို့နဲ့ အတူ ပေါ့ပ် ဂီတ ကို ဖန်တီး သတ်မှတ်ခဲ့တဲ့ ပညာရှင် တယောက်

နာမည်ကျော် တေးသံရှင် ဒေးဗစ် ဘိုဝီဟာ အသက် ၆၉ နှစ် အရွယ်မှာ ကင်ဆာ ရောဂါနဲ့ ကွယ်လွန် သွားခဲ့ပါတယ်။

ဘိုဝီ ရဲ့ ခေတ်စားခဲ့တဲ့ သီချင်းတွေ ထဲမှာ Let's Dance, Space Oddity, Starman, Modern Love, Heroes, Under Pressure, Rebel, Rebel and Life on Mars စတဲ့ တေးတွေ ပါဝင်ပါတယ်။

သူ့ရဲ့ နောက်ဆုံးထုတ် Blackstar သီချင်းခွေ က အရင်တပတ် သောကြာနေ့ သူ့မွေးနေ့ကမှ ဖြန့်ချီ ခဲ့ပြီး ဒီအခွေမှာ သီချင်း ၇ ပုဒ်ပဲ ပါပါတယ်။ ဒီသီချင်း အားလုံးကိုလည်း ဂီတ ဝေဖန်ရေး ဆရာတွေက ချီးကျူး လက်ခံ ခဲ့ကြပါတယ်။ သူသေဆုံးသွားပြီလို့ ကြားလိုက် ရပြီးနောက် အနုပညာရှင် လောကသားတွေ အပါအဝင် ပရိသတ်တွေကြား ရိုက်ခတ် သွားခဲ့ပါတယ်။

သူဟာ ထူးခြားတဲ့ ပြောင်းလဲ ဖန်တီးနိုင်သူ တယောက်လို့ အဆိုတော် ရုပ်ရှင် မင်းသမီး မက်ဒေါနားက ပြောသလို ၂ ခြမ်း ကွဲနေတဲ့ ဘာလင်မြို့သူမြို့သားတွေဟာ သူ့ရဲ့ ဟီးရိုး သီချင်းကြောင့် တံတိုင်းကို ဖြိုချပြီး ပြန်လည် ပေါင်းစည်း နိုင်ခဲ့တယ်လို့ ဂျာမနီ နိုင်ငံခြားရေး ဌာနက ဂုဏ်ပြု ခဲ့ပါတယ်။

ဒေးဗစ် ဘိုဝီဟာ ပေါ့ပ် ဂီတ ရဲ့ ပီကာဆို လို အနုပညာရှင်ကြီးပါလို့လည်း ချီးကျူးဂုဏ်တင်သူတွေ ရှိပါတယ်။ အမြဲတမ်း ပြောင်းလဲ ဖန်တီးနေသူ ဖြစ်ပြီး ဘီတဲလ်စ်၊ ပရက်စလေ တို့နဲ့ အတူ ပေါ့ပ် ဂီတ ကို ဖန်တီး သတ်မှတ်ခဲ့တဲ့ ပညာရှင် တယောက်လည်း ဖြစ်ပါတယ်။

ဘိုဝီဟာ လန်ဒန် တောင်ပိုင်းမှာ ၁၉၄၇ က မွေးဖွား ခဲ့သူပါ။ နာမည်ရင်း ဒေးဗစ် ဂျုန်း ကနေ ဘိုဝီလို့ ၁၉၆၆ မှာ ပြောင်းခဲ့ပါတယ်။ သူ့ရဲ့ ဂီတ သက်တမ်း နှစ် ၆ဝ မှာ အရောင်းရဆုံး စံချိန်တင်ခဲ့တဲ့ တေးသီချင်းတွေ များစွာ ရှိခဲ့ပြီး ဓာတ်ပြား အချပ် သန်း ၁၄ဝ ထိ ရောင်းချ ခဲ့ရသူမို့ ဗြိတိန်ရဲ့ အရောင်းရဆုံး အနုပညာရှင် ၁ဝ ယောက် စာရင်းဝင်ခဲ့ပါတယ်။

သူ ကွယ်လွန်တဲ့ အတွက် သူ့ သီချင်းတွေနဲ့ ကြီးပြင်းလာခဲ့ကြတဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ကင်မရွန်းနဲ့ လေဘာ ပါတီ ခေါင်းဆောင် တွေက ဝမ်းနည်းစကား ပြောခဲ့ကြသလို ပုပ်ရဟန်းမင်းကြီး ရဲ့ ဗာတီကန် နန်းတော် ကလည်း သူ့တေးသီချင်း စာသား တချို့ကို twitter ကနေ ဂုဏ်ပြု ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ