ငြိမ်းချမ်းရေး ညီလာခံ စတင်

  • 12 ဇန်နဝါရီ 2016
Peace Conference Gen Mutu and Daw Aung San Suu Kyi ဓာတ်ပုံ မူပိုင် EPA
Image caption ငြိမ်းချမ်းရေးညီလာခံ အဖွင့်နေ့မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ တိုင်းရင်းသား ခေါင်းဆောင်များ

ဇန်နဝါရီလ ၁၂ ရက်နေ့က စတင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ဟာ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး အတွက် ပထမ ခြေလှမ်း အစ ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ပါဝင် ရေးထိုးနိုင်ဖို့ မလွဲမသွေ ကြိုးပမ်း ဆောင်ရွက် သွားရမယ်လို့ ပြောပါတယ်။

ဒါ့အပြင် အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ လက်မှတ်မထိုးရသေးသူတွေကြားမှာ စိတ်ဝမ်း မကွဲဖို့ အရေးကြီးတယ်လို့လည်း သူက ပြောပါတယ်။

ငြိမ်းချမ်းရေး ညီလာခံကို သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းတို့ တက်ရောက်ပြီး အဖွင့်မိန့်ခွန်း ပြောခဲ့ကြပါတယ်။

သမ္မတ ဦးသိန်းစိန် ကတော့ ငြိမ်းချမ်းရေး ညီလာခံဟာ NCA တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ ပါတဲ့ အချိန် သတ်မှတ်ချက် အတိုင်း စတင်ရတာ ဖြစ်တဲ့ အတွက် ဒီ ၅ ရက်တာ ဒီညီလာခံမှာ ဆုံးဖြတ်ချက်တွေ ချမှတ် နိုင်မှာ မဟုတ်ဘဲ ဆွေးနွေး မှုတွေကိုပဲ စုစည်းမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း NCA မှာ လက်မှတ် မထိုးရသေးတဲ့အဖွဲ့တွေကို အချိန်မရွေး လက်မှတ်ရေးထိုးနိုင်ဖို့တံခါးဖွင့် ထားတယ်လို့ ပြောဆိုသွားပါတယ်။

ခေါင်းဆောင်တွေ အဖွင့်မိန့်ခွန်း ပြောပြီးတဲ့နောက်မှာ သီးခြားဆွေးနွေးကြမယ့် အစုအဖွဲ့ ၅ ခုရဲ့ သဘာပတိတွေကို ရွေးချယ်ခဲ့ပါတယ်။

တပ်မတော်အစုအဖွဲ့ သဘာပတိအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ နိုင်ငံရေး ပါတီများ အစုအဖွဲ့ခေါင်းဆောင်အဖြစ် ဦးစိုင်းအိုက်ပေါင်း၊ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ ခေါင်းဆောင် အဖြစ် ဦးသိန်းဇော်၊ တိုင်းရင်းသား အစုအဖွဲ့ခေါင်းဆောင် အဖြစ် ဖဒိုစောကွယ်ထူးဝင်းနဲ့ အစိုးရ အစုအဖွဲ့ ခေါင်းဆောင်အဖြစ် ဝန်ကြီး ဦးအောင်မင်း တို့ကို ရွေးချယ်ခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်က သူ့လက်ထက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောင်မြင်ဖို့ ရည်မှန်းခဲ့ပေမဲ့ အားလုံး ပါဝင်နိုင်ရေးကိုတောင် အတော် ကြိုးပမ်းခဲ့ရတာကြောင့် အပြီးသတ် အောင်မြင်အောင် မလုပ်ဆောင်နိုင်ခဲ့ဘဲ ရေရှည် စီမံကိန်းရဲ့ ပထမခြေလှမ်း အဖြစ်သာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သင့်သူ အဖြစ် နိုင်ငံရေး ပါတီ အစုအဖွဲ့က ဖိတ်ကြားခဲ့သူ စာရေးဆရာမ မသီတာ (စမ်းချောင်း) က ပြောပါတယ်။

ဒီညီလာခံကို အပစ်ရပ် လက်မှတ် ရေးထိုး ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ အစုအဖွဲ့ အသီးသီးက ကိုယ်စားလှယ်တွေ အပြင် ဖိတ်ကြား ထားသူတွေလည်း တက်ရောက် ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ