ဖက်ဒရယ် အရေး ဆွေးနွေးမှုတွေ ခက်ခဲ

  • 13 ဇန်နဝါရီ 2016
Burma Peace Conference
Image caption ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဒုတိယနေ့မှာ ဖက်ဒရယ် အရေး အဓိကဆွေးနွေး

မြန်မာနိုင်ငံမှာ ငါး ရက်ကြာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဒုတိယနေ့ကို ဆက်လက် ကျင်းပနေပါတယ်။

ငြိမ်းချမ်းရေး ညီလာခံမှာ ခေါင်းစဉ်ကြီး ငါးခုကို ဆွေးနွေးကြဖို့ အစီအစဉ်ရှိရပေမဲ့ ဒုတိယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ နိုင်ငံရေး ကိစ္စရပ် တစ်ခုတည်းကိုသာ အဓိက ဆွေးနွေးခဲ့တာပါ။

အဲဒီ နိုင်ငံရေး ခေါင်းစဉ် အောက်က ဖက်ဒရယ်ကိစ္စ ဆွေးနွေးရာမှာတော့ အခက်အခဲတွေ ရှိတယ်လို့ ဆွေးနွေးသူတွေက ပြောပါတယ်။

နိုင်ငံရေးပါတီများ အစုအဖွဲ့ရဲ့ သဘာပတိ ဦးစိုင်းအိုက်ပေါင်းက တစ်ယောက်ကို ဆွေးနွေးချိန် ၁၀ မိနစ် ပေးထားလို့ ဆွေးနွေးသူက ၅၀ လောက်ရှိတဲ့ အစုအဖွဲ့မှာ အမြင်မတူတာတွေကို တင်ပြဆွေးနွေးကြတော့ အချိန်အတော်ကြာတယ်လို့ ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်ဖြစ်တဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု စနစ်မှာ ဘယ်လို မူတွေနဲ့ တည်ဆောက်မယ် ဆိုတဲ့ အပိုင်းကို ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

ဖက်ဒရယ် စနစ် ကျင့်သုံးတဲ့ ကမ္ဘာ့ နိုင်ငံတိုင်းမှာ တပ်မတော် တစ်ခုတည်းပဲ ရှိတာ ဖြစ်ပြီး ဖက်ဒရယ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အခန်း ကဏ္ဍ ကိုဆွေးနွေးရာမှာ တိုင်းရင်းသား ပါတီတွေ ဘက်က နားလည်မှု လွဲခဲ့တာတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။

နိုင်ရေးပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်၊ လွှတ်တော်ကိုယ်စားလှယ်၊ အစိုးရ၊ နဲ့တပ်မတော် သားအစု စတဲ့ အစုအဖွဲ့ ငါးခု ထဲက တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ရဲ့ ဆွေး နွေးခန်းမှာလည်း တချို့ တိုင်း ရင်းသားတွေက ပြည်နယ်သစ် တောင်းဆိုတာတွေ ရှိလို့ အကြိတ်အနယ် ဆွေးနွေး နေရတယ်လို့ ချင်းအမျိုးသား တပ်ဦး ရဲ့ အဓိပတိ ကောင်စီဝင် ဒေါက်တာ လျန်မှုန်း ဆာခေါင်းက ပြောပါတယ်။

ငါးရက် အတွင်း ဆွေးနွေးရမယ့် ခေါင်းစဉ် တွေက နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တို့ ဖြစ်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ