ဖားကန့်မှာ မြေထပ်ပြို

  • 13 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ဖါးကန့် မြေစာပုံနဲ့ ရေမဆေးကျောက်ရှာသူတွေ

ဖားကန့်မှာ မြေထပ်ပြိုလို့ လူတွေ သေကြရပြန်ပါပြီ။ ဒါဟာ ၃လအတွင်း တနေရာထဲမှာ ၄ကြိမ်မြောက် မြေပြိုတာဖြစ်ပြီး ဖားကန့်မြို့နယ် မက်မုံရွာနားက ဂန်ခမ်တောင်မှာ ရာဇဌာနီကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံမှာ ဇန်နဝါရီလ ၁၂ ရက် ည ၁၀ နာရီလောက်က ထပ်မြေပြိုခဲ့တာပါ။

အဲဒီနေရာဟာ နိုဝင်ဘာ ၂၁ ရက်က မြေစာပုံပြိုလို့ လူ ၁၂၀ နီးပါးသေတဲ့နေရာရဲ့ဘေးမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာလကလည်း ၂ကြိမ် ပြိုခဲ့လို့ လူသေဆုံးမှုတွေ ရှိပြီး အလောင်းရှာမရအောင် ဖြစ်ခဲ့ပါသေးတယ်။

ဒေသခံတွေကတော့ ခုမြေပြိုမှုမှာ ၃ယောက်ထက် မနည်း သေဆုံးနိုင်တယ်လို့ ဆိုကြပေမယ့် ဖားကန့်ရဲစခန်းကနေ ဒီနေရာကိုတာဝန်ယူရတဲ့ ရဲကင်းမှူး ကတော့ တယောက်သေတာဘဲ အတည်ပြုနိုင်သေးတယ်လို့ ပြောပါတယ်။

ရေမဆေးကျောက်ရှာသူတွေကို ထိခိုက်မှာစိုးလို့ ညပိုင်းမှာမှ မြေစာတွေသွားပုံကြပေမယ့် ညပိုင်းလည်း ရေမဆေးကျောက်က်ရှာသူတွေက စောင့်ပြီးရှာကြဖွေကြတာမို့ တားလို့မဖြစ်နိုင်ဘူးလို့ တာဝန်ကျရဲအရာရှိတွေကလည်း ပြောကြပါတယ်။

ဖားကန့်မှာမြေပြိုတဲ့ကိစ္စ ခဏခဏဖြစ်နေတာနဲ့ပတ်သက်လို့ အစိုးရတာဝန်ရှိသတွေအနေနဲ့ ဥပဒေတရပ်ပြဌာန်းပြီး တာဝန်ယူဖြေရှင်းပေးဖို့ ကချင်စည်းလုံးညွီညွတ်ရေးနဲ့ဒီမိုကရေစီပါတီဥက္ကဌ အမျိုးသားလွတ်တော်အမတ် ဦးခက်ထိန်နန်က လွှတ်တော်မှာ ပြီးခဲ့တဲ့လက တင်သွင်းခဲ့ပါတယ်။

သတ္တုတွင်းဝန်ကြီးဌာနဘက်ကတော့ ဒီကိစ္စတွေပပျောက်ဖို့ ဖားကန့်မှာကျောက်တူးတာရပ်ရင်ရပ် မရပ်ရင် ရေမဆေးကြောက်ရှာဖွေသူတွေကို ပုဒ်မ ၁၁၄ထုတ်ပြီးတားဖို့ ဒါမှမဟုတ်ရင် စစ်အုပ်ချုပ်ရေးကြေငြာမှဖြစ်မယ်လို့ လွှတ်တော်ကို အကြံပြုတင်ပြထားပါတယ်။

အမျိုးသားလွှတ်တော်အမတ်ဦးလှဆွေကလည်း ဒီလို မကြာခဏ မြေပြိုရတာဟာ အရင် ကျောက်မျက်ဥပဒေရဲ့ အားနည်းချက်ကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။ ကုမ္ပဏီတွေကို အချိန်တိုကာလ အတွင်း ဧရိယာအကျယ်ကြီး တူးဖေါ်ခွင့်ချပေးခဲ့တဲ့ အတွက် ရတဲ့ အချိန်အတွင်း အများကြီးရအောင် တူးကြရာမှာ မြေစာတွေကို စည်းနဲ့ကမ်းမဲ့ စုပုံတာနဲ့ ရေမဆေးကျောက်ရှာသူတွေကို မတားဆီးနိုင်တာကြောင့်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့က အမျိုးသားလွှတ်တော်မှာ အတည်ပြုခဲ့တဲ့ ကျောက်မျက်ဥပဒေကြမ်းသာ အတည်ပြုပြဌာန်းခဲ့ရင် အခုလို မြေပြိုတာတွေကို မဖြစ်အောင် တားဆီးနိုင်လိမ့်မယ်လို့ ဦးလှဆွေကပြောပါတယ်။

ဒါပေမယ့်လည်း ဖားကန့်မှာ အုပ်ချုပ်နေရသူတွေကတော့ ဘယ်လောက်ဥပဒေတွေချမှတ်ချမှတ် မြေစာပုံကိစ္စနဲ့ ရေမဆေးကျောက်ရှာသူတွေကို တားဆီးဖို့ဆိုတာ အခက်အခဲတွေအများကြီးရှိတယ်လို့ ပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ