လုံခြုံရေးဆွေးနွေးမှု တပ်နဲ့တိုင်းရင်းသား သဘောထားကွဲ

  • 14 ဇန်နဝါရီ 2016
Burma Peace Conference ဓာတ်ပုံ မူပိုင် AFP
Image caption တပ်မတော် ဖက်က ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံပြီးဆွေးနွေး

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဆက်လက် ကျင်းပနေရာမှာ တတိယ မြောက်နေ့ ဇန်နဝါရီလ ၁၄ ရက်က ဆွေးနွေးတဲ့ လုံခြုံရေးဆိုင်ရာကိစ္စမှာ တပ်မတော် နဲ့ တိုင်းရင်သား လက်နက်ကိုင် အစု အဖွဲ့ကြားမှာ ကွဲလွဲမှုတွေ ရှိနေပါတယ်။

လုံခြုံရေး ကဏ္ဍနဲ့ ပတ်သက်လို့ တစ်ခုတည်းသော တပ်မတော် ထားရှိရေးကိုသာ တပ်မတော် ဘက်က အဓိက တင်ပြခဲ့ပါတယ်။

တပ်မတော်ဘက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ရေးဆွဲ ထားတာကိုသာ တင်ပြခဲ့ကြတာ ဖြစ်လို့ ပြည်ထောင်စု စစ်နဲ့ တပ်မတော် ဖြစ်စေချင်တယ်ဆိုတဲ့ တိုင်းရင်းသား တွေဘက်က လိုလားတဲ့ အချက်နဲ့ ကွဲလွဲနေတယ်လို့ ချင်းအမျိုးသားတပ်ဦးရဲ့ ပါတီရေးရာနဲ့ စစ်ဖက်ရေးရာ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆော်လမွန်က ဘီဘီစီကို ပြောပါတယ်။

တပ်မတော်ဖက်က လက်ရှိတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ပြည်သူ့စစ် ပုံစံနဲ့ တပ်မတော်ရဲ့အောက်မှာပဲ တာဝန်ထမ်းဆောင်စေချင်တာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေရဲ့ တင်ပြချက်မှာတော့ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်ဟာ ဘယ်နိုင်ငံရေး ပါတီရဲ့ သြဇာခံမှ မဖြစ်ဖို့နဲ့ ပြည်နယ်လုံခြုံရေး တပ်ဖွဲ့တွေကို ပြည်နယ် အစိုးရ လက်အောက်မှာ ထားရှိဖို့၊ တိုင်းရင်းသားတွေကို ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်မှာ အဆင်မြင့် ရာထူးတွေ အလှည့်ကျပေးဖို့၊ လက်ရှိ လက်နိုင်ကိုင် အဖွဲ့တွေကို တစ်ခုတည်းသော တပ်မတော်ဖြစ်ဖို့ အတွက် လမ်းပြမြေပုံ တစ်ခု ညှိနှိုင်းရေးဆွဲ ပြီး အဲဒီ အတိုင်းဆောင်ရွက်ဖို့တွေကို တင်ပြခဲ့ကြတယ်လို့ ဆွေးနွေးပွဲမှာ ပါသူတွေက ပြန်ပြော ပါတယ်။

ဆွေးနွေးတင်ပြမှု အပြီးမှာ တင်ပြချက်တွေကို သဘာပတိက အတည်ပြု့ဖို ဆောင်ရွက်တဲ့အခါမှာ ကျောင်းသားတပ်မတော် ABSDF ရဲ့ ဒုတိယ ဥက္ကဌ က ကန့်ကွက်ခဲ့တဲ့ အတွက် ဆွေးနွေးချက်တွေကို အတည်မပြုဘဲ မှတ်တမ်းအဖြစ်သာ ထားရှိဖို့ သဘောတူခဲ့ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ