ဦးရွှေမန်းနဲ့ ဦးခင်ရွှေကို ပါတီက ဖယ်ပြီလား

  • 15 ဇန်နဝါရီ 2016
U Khin Shwe ဓာတ်ပုံ မူပိုင် Reuters
Image caption ဦးရွှေမန်းဖယ်ရှားခံရရင် သူလည်း ဖယ်ခံရ နိုင်တယ်လို့ ဦးခင်ရွှေပြော

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွဲ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌဟောင်း သူရ ဦးရွှေမန်း နဲ့ ဗဟိုကော်မတီဝင် ဦးခင်ရွှေ တို့ကို ပါတီ ကနေ ဖယ်ရှား လိုက်တယ် ဆိုတဲ့ သတင်းတွေ ကြားရ တယ်လို့ ဦးခင်ရွှေက ဘီဘီစီကို ပြောပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်က ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှာ ပြည်သူ့ လွှတ်တော် အတွက် ဒေါ်အောင်ဆန်း စုကြည်ကို မဲပေးဖို့ ပြောခဲ့တာနဲ့ပတ်သက်လို့ ကြံ့ခိုင်ရေး ပါတီရဲ့ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ခုံရုံး သဘောမျိုး ခေါ်ယူ မေးမြန်းတာ ခံခဲ့ရတယ်လို့ သူက ပြောပါတယ်။

သူရဦးရွှေမန်းကိုလည်း ပါတီ ကနေ ဖယ်ရှားတယ်ဆိုတဲ့ သတင်းတွေ ကြားရလို့ ဦးခင်ရွှေကို မေးကြည့်ရာမှာ သူတို့ နှစ်ယောက်က ခမည်းခမက်တွေ ဖြစ်နေလို့ တနွယ်ငင် တစင်ပါ သဘောမျိုးနဲ့ ဖယ်ရှားနိုင်ဖွယ်ရှိတယ်လို့ ထင်မြင်ကြောင်း ပြောပါတယ်။

ပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးလှသိန်းဆွေ ကတော့ အခုလို ဖယ်ရှားတယ်ဆိုတဲ့ ကိစ္စမျိုးကို ပါတီညီလာခံ ဒါမှမဟုတ် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး ခေါ်ပြီး ဆုံးဖြတ်ကြလေ့ရှိတာကြောင့် အခုကိစ္စမှာ အစည်းအဝေးတွေ ခေါ်ယူဆုံးဖြတ်တာ မရှိလို့ ထုတ်ပယ်တာ မဖြစ်နိုင်ဘူးလို့ သူကပြောပါတယ်။

ဒါ့အပြင် သူက ပြီးခဲ့တဲ့ လပိုင်းက သူရဦးရွှေမန်းကို ပါတီ ဥက္ကဌ အဖြစ်က ဖယ်ရှားခဲ့တုန်းကလည်း တရားဝင် အကြောင်းကြားတာမျိုး မရှိခဲ့ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဦးရွှေမန်းကို ဥက္ကဌ နေရာကနေ ဖယ်ရှားပြီး နောက်တစ်နေ့ ရောက်မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီခေါ်ယူ ဆုံးဖြတ်ပြီး ဦးဌေးဦးကို ပူးတွဲ ဥက္ကဌ အဖြစ် ခန့်ထားခဲ့တာလို့ ဦးလှသိန်းဆွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ