NLD ရဲ့ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအမြင်

  • 16 ဇန်နဝါရီ 2016
nld ဓာတ်ပုံ မူပိုင် AFP
Image caption အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက် တွေ့ရမယ့် စိန်ခေါ်မှုတွေ ထဲ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လည်း ပါဝင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအပေါ် မူအရ လက်ခံထားပြီး ဘယ်လိုစုဖွဲ့တည်ဆောက်မလဲ ဆိုတာနဲ့ ပတ်သက်လို့ ဖြစ်နိုင်ချေတွေ အားလုံး ကို လမ်းဖွင့် ပေးထားတယ် လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ဖက်ဒရယ်ပြည်ထောင်စု ကို ဘယ်လိုစုဖွဲ့တည်ဆောက်မလဲ ဆိုတာနဲ့ပတ်သက်လို့ မတူတဲ့အမြင်များစွာ ပေါ်ထွက်ခဲ့ပါတယ်။

တချို့က ဗမာပြည်နယ် တခုဖွဲ့စည်းပြီး အခုလက်ရှိတိုင်းရင်းသား ပြည်နယ် ၇ ပြည်နယ် နဲ့ ပေါင်းကာ စုစုပေါင်း ၈ ပြည်နယ်နဲ့ဖွဲ့စည်းမယ့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းဖို့လုပ်ဆောင်လိုတဲ့ သူများရှိသလို၊ ပြည်နယ်အသစ်များထပ်တိုး ဖွဲ့စည်းရေး တောင်းဆိုတာတွေလည်း ရှိနေပါတယ်။

ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ အနေနဲ့ကတော့ ပထမ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်အောင် လုပ်ဆောင်ရမယ်။

အဲဒီနောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲကျမှသာ ဖက်ဒရယ် ပြည်ထောင်စု ကို ဘယ်လို တည်ဆောက်ကြမလဲဆိုတာ ကို ဆွေးနွေးအဖြေရှာကြမှာ ဖြစ်တယ် လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် တယောက် ဖြစ်တဲ့ ဦးဝင်းထိန် က ဘီဘီစီ ကို ပြောပါတယ်။

၈ ပြည်နယ်နဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းတည်ဆောက်ရေး ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တက်ရောက်ခဲ့တဲ့ NLD ပါတီခေါင်းဆောင် တချို့ က သဘောမတူကြောင်း ပြသခဲ့တယ် ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့တော့ ဦးဝင်းထိန် က ပါတီ တခုလုံးအနေနဲ့ ပြည်နယ်အရေအတွက် အတိအကျ သတ်မှတ်မထားသေးကြောင်း ပြောပါတယ်။

NLD ပါတီအနေနဲ့ အပစ်အခတ်ရပ်စဲရေး အတွက် ကြိုးစားတဲ့နေရာမှာရော၊ ဖက်ဒရယ်ပြည်ထောင်စု ကို ဘယ်လို တည်ဆောက်ကြမလဲ ဆိုတာနဲ့ ပတ်သက်လို့ရော စိန်ခေါ်မှုတွေအများကြီး ကျော်ဖြတ်ရဖို့ ရှိတယ်လို့ လည်း သုံးသပ်ပြောနေကြပါတယ်။