တိုင်ဝမ်မှာ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်လာ

  • 16 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် EPA
Image caption တိုင်ဝမ်ရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ

အတိုက်အခံပါတီ ခေါင်းဆောင် ရှိုင်ယင်ဝမ်းကို တိုင်ဝမ်ရဲ့ ပထမဆုံးအမျိုးသမီး သမ္မတအဖြစ် ဒီနေ့ကျင်းပတဲ့ ရွေးကောက်ပွဲက ရွေးကောက် တင်မြှောက် လိုက်ပါတယ်။

ရွေးကောက်ပွဲမှာ အနိုင် ရရှိခဲ့တဲ့ DPP ပါတီ သမ္မတလောင်း ရှိုင်ယင်ဝမ်း က တိုင်ဝမ် နိုင်ငံသားတွေ အနေနဲ့ စည်းစည်းလုံးလုံး နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုင်ဝမ် နိုင်ငံရဲ့ ကိုယ်ပိုင်လက္ခဏာကို အခု ရွေးကောက်ပွဲမှာ စုပေါင်းပြီး ပြသခဲ့တယ်လို့ ပြောကြားခဲ့ပြီး သူ့အစိုးရကို အဂတိလိုက်စားမှု ကင်းအောင် ကြိုးစားမယ်လို့ဂတိပေးခဲ့ပါတယ်။

အသက်၅၉နှစ်ရှိ ရှိုင်ယင်ဝမ်း ရဲ့ Democratic Progressive Party ပါတီဟာ တိုင်ဝမ်ကို လွတ်လပ်တဲ့ တိုင်းပြည်တစ်ခုအဖြစ်ဆက်လက်ရက်တည်လိုပြီး တရုတ်ပြည်နဲ့ ပြန်လည်ပေါင်းစည်းကို ဆန့်ကျင်နေတဲ့ ပါတီဖြစ်ပါတယ်။

လက်ရှိ အာဏာရ ပါတီ ဖြစ်တဲ့ ကူမင်တန်ပါတီက ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ကြောင်း ဝန်ခံ ပြောကြား လိုက်ပါတယ်။ ကူမင်တန်ပါတီ ရဲ့ တရုတ်ပြည်နဲ့ ပြန်လည်ပေါင်းစည်းရေး မူဝါဒဟာ လူကြိုက်နည်းခဲ့ပြီး ရွေးကောက် ပွဲမှာ မဲရရှိမှု အလွန် နည်းပါးခဲ့တယ်လို့ ဆိုပါတယ်။

တရုတ် ပြည်မကြီးနဲ့ ပေါင်းစည်းလိုခြင်း မရှိတဲ့ ဒီမိုကရက်တစ် တိုးတက်ရေး ပါတီက ရွေးကောက်ပွဲမှာ အနိုင်ရရှိ ခဲ့တာကြောင့် တရုတ်ပြည်နဲ့ ဆက်ဆံရေးမှာ ကွဲလွဲမှုတွေ ဖြစ်ပေါ်လာနိုင်စရာ ရှိတယ်လို့ ဘီဘီစီ သတင်းထောက်က သတင်းပေးပို့ ထားပါတယ်။