ကလေးခိုး အမှုတွေ မမှန်ဘူးလို့ ရဲတပ်ဖွဲ့ပြော

  • 17 ဇန်နဝါရီ 2016
Image caption နယ်ဒေသ အချို့မှာ ကလေးသူခိုး တွေ ရောက်နေတယ်ဆိုတဲ့ တိုင်းတန်းမှုတွေ ရှိခဲ့

မြန်မာပြည်က နေရာရာ အနှံ့မှာ ကလေး သူခိုး တွေ သောင်းကျန်း တယ်ဆိုတဲ့ ကောလာဟလကို အခြေခံပြီး ထင်ယောင်ထင်မှားဖြစ်သူတွေကို ဝိုင်းရိုက်တဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်နေပါတယ်။

မကွေးမြို့မှာ ကလေးခိုးတယ်ဆိုပြီး စွပ်စွဲခံရလို့ အမျိုးသမီး တစ်ဦး ဝိုင်းရိုက် ခံရသလို မန္တလေး မရမ်းခြံသင်္ဘောဆိပ်မှာ အမျိုးသားတစ် ဦးကို ဝိုင်းရိုက်လို့ အသက်ဆုံးတဲ့ ထိဖြစ်ခဲ့ပါတယ်။

ကလေးခိုးတဲ့အမှုတွေ တကယ်ရှိနေလားလို့ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး အဖွဲ့က ရဲမှူးကြီး ခင်မောင်လှ ကို ဆက်သွယ်မေးမြန်းကြည့်တော့ ၂၀၁၅ ခုနှစ်မှာ ဆိုရင် မလေးရှား နိုင်ငံမှာ တောင်းရမ်းခိုင်းဖို့ ခေါ်သွားတဲ့ ကလေး ၃ ယောက် အမှု ရှိခဲ့တယ်လို့ ပြောပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ ပြည်တွင်း လူကုန် ကူးမှု အဖြစ် အသက် ၁၃ နှစ် အရွယ် အမျိုး သမီးငယ် တစ်ယောက်ကို ပြည့်တန်ဆာ လုပ်ငန်း မှာ ခိုင်းစားဖို့ ခေါ်ဆောင်လာတဲ့ အမျိုးသမီး တစ်ဦးကို အရေးယူခဲ့တာတွေ ရှိတယ်လို့ ပြောပါတယ်။

မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီ တိုင်းနဲ့ နယ်ဒေသ အချို့မှာ ကလေးသူခိုး တွေ ရောက်နေတယ်ဆိုတဲ့ တိုင်းတန်းမှုတွေ ရှိခဲ့ပြီး စုံစမ်း ဖော်ထုတ် တဲ့ အခါမှာ တကယ့် ကလေးခိုးတဲ့ အဖြစ်မှန် မရှိဘူးလို့ ဆက်ပြောပါတယ်။

ကလေးသူငယ်တွေကို ခိုးယူနေတယ်လို့ သံသယ ရှိခဲ့မယ် ဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို လူထု အနေနဲ့ အကြောင်းကြားဖို့ နဲ့ လူမှုကွန်ယက်တွေ ပေါ်မှာ ပျံနှံ့နေတာ ဟာ မမှန် သတင်းတွေသာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ကလေး ခိုးယူ သူ တွေ ရှိနေတယ်လို့ ဖုန်းဆက် တိုင်ကြား ခဲ့တဲ့ အမှုတွေကိုလည်း အချိန်နဲ့ တပြေးညီ စုံစမ်းဖော်ထုတ် အရေးယူဖို့ ဆောင်ရွက် နေတယ်လို့ ရဲမှူးကြီးက ဆက်ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ