တပ်မတော်သာ လက်နက်ကိုင်ဆောင်ခွင့် ရှိရမယ်

  • 17 ဇန်နဝါရီ 2016
_interview_peace_conference
Image caption တပ်မတော် ကို တပြည်လုံး အတိုင်းအတာ အနေနဲ့ ပြင်ဆင် ပြောင်းလဲဖို့ မလိုအပ်။

ပထမဆုံး အကြိမ် ကျင်းပ ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာ ခံ မှာ အစိုးရ စစ်တပ် အနေနဲ့ မြန်မာ နိုင်ငံ မှာ တစ်ခုတည်း သော တပ်မတော် ထားရှိ ရမယ် ဆိုတဲ့ မူဝါဒ ကို ကိုင်စွဲပြော ဆို ခဲ့တယ် ဆိုပြီး တပ်မတော် အစုအဖွဲ့ကို ဦးဆောင် လာခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး က ဘီဘီစီကို ပြောပါတယ်။

ပြည်နယ် အစိုးရ အသီးသီး ရဲ့ အုပ်ချုပ် မှု အောက်မှာ ကိုယ်ဆီ လက်နက်ကိုင် လုံခြုံရေး တပ်တွေ ထားလိုတဲ့ သဘောဆန္ဒ ရှိတဲ့ တိုင်းရင်းသား အဖွဲ့တွေ ရှိနေတယ် လို့လည်း ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး က ဆိုပါတယ်။

၅ ရက်တာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာ ခံ အပြီးမှာ တပ်မတော် အစုအဖွဲ့ ခေါင်းဆောင်ကို ဘီဘီစီ က သီးသန့် တွေ့ဆုံ မေးမြန်းခဲ့ တာ ပါ။

ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ဟာ ကစထ လို့ ခေါ်တဲ့ ကာကွယ်ရေးဌာန စစ်ဆင်ရေး အထူးအဖွဲ့ ၃ ရဲ့ အကြီးအကဲ ရာထူး ကနေ အငြိမ်းစား ယူထားသူ ဖြစ်ပါတယ်။

တပ်မတော် နဲ့ ပူးပေါင်း လိုတဲ့ လက်နက်ကိုင် အဖွဲ့တွေ ကို ကြိုဆို မှာ ဖြစ်ပြီ၊ ပြည်တွင်းစစ် ပဋိပက္ခ ချုပ်ငြိမ်း ဖို့ဆိုရင် နိုင်ငံ တကာ မှာ ကျင့်သုံး နေသလိုပဲ လက်နက် ဖြုတ်သိမ်းတာ၊ စစ်ရေး ပြင်ဆင် ဆောင်ရွက်မှု တွေ ရပ်တန့်တာ၊ လက်နက်ကိုင် ဟောင်းတွေ ကို အရပ်ဖက် လူ့ အသိုင်းအဝိုင်း ထဲ ပြန်လည် ပေါင်းစပ် စေတာ စတဲ့ DDR လို့ ခေါ်တဲ့ လုပ်ငန်းစဉ် တွေ ကို အချိန် ကာလ အတိုင်းအတာ သတ်မှတ် ဆောင် ရွက် သွားမယ် လို့လည်း ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး က ဆိုပါတယ်။

ဒီ သဘောထားကို ညီလာခံ အဖွင့်တုန်းကလည်း အစိုးရ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှုး ကြီး မင်းအောင်လှိုင် ဆီကနေ ကြား ခဲ့ရပြီ ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် တပ် တွေကို သတ်မှတ် ထားတဲ့ အချိန်ကာလ အတိုင်းအတာ တစ်ခု အတွင်း နယ်ခြားစောင့်တပ် အသွင် ပြောင်း ခိုင်း တဲ့ အစိုးရ စစ်တပ် ရဲ့ အစဉ်အဆက် မူဝါဒ ပဲ ဖြစ်တယ် ဆိုတဲ့ဝေဖန် ဆန်းစစ် မှု တွေ ပေါ် ထွက် ခဲ့ ပါတယ်။

ပဋိပက္ခ ပြေငြိမ်းရေး လုပ်ငန်းစဉ် နောက် တစ်ခု ဖြစ်တဲ့ SSR လို့ ခေါ်တဲ့ လုံခြုံရေး ကဏ္ဍကို တာဝန်ယူ ရတဲ့ အစုအဖွဲ့တွေ ပြင်ဆင် ပြောင်းလဲရေး အနေနဲ့ ကတော့ လက်ရှိ တပ်မတော် ကို တပြည်လုံး အတိုင်းအတာ အနေနဲ့ ပြင်ဆင် ပြောင်းလဲဖို့ မလိုအပ် ဘူး ဆိုပြီး ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး က ပြောပါတယ်။

ရွေးကောက်ပွဲလွန် ကာလ ဖြစ်ပေါ် လာမယ့် အစိုးရ သစ် နဲ့ လက်တွဲ ဆောင်ရွက် မယ်ဆိုတဲ့ ကတိကဝတ် ကို တပ်မတော် က ပေး ခဲ့ပြီး ဖြစ်တယ် လို့ ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး က ဆိုပါတယ်။

ဒါပေမယ့် တစ်ဘက်မှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင် တဲ့ အစိုးရ သစ် ပေါ်ပေါက် လာတဲ့ အခါ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မူဝါဒ သဘောတွေ အပြောင်းအလဲ လုပ်ဆောင် လာမယ် ဆိုရင် တပ်မတော် ရဲ့ သဘောထား ကရော ဆိုတဲ့ အမေးကိုတော့ ဘာတွေ တကယ် ဖြစ်လာဦးမယ် ဆိုတာ မသိရ သေးတဲ့ အတွက် သူ့အနေနဲ့ ကြိုတင် ပြောဆိုတာ တွေ မလုပ်ချင်ဘူး လို့ ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး က တုံ့ပြန် ဖြေကြား ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ