အလုပ်သမားဥပဒေ ပြင်ဆင်ဖို့ ထောင်ချီ တောင်းဆို

  • 17 ဇန်နဝါရီ 2016
_workers_protest_
Image caption သတ်မှတ် ထားတဲ့ ငွေဒဏ် ဟာ အလုပ်ရှင် သူဌေး တွေ အတွက် မပြောပ လောက်။

ရန်ကုန် မှာ ဇန်နဝါရီလ ၁၆ ရက် စနေနေ့တုန်းက လူတွေ ထောင် ချီ ပါဝင်တဲ့ အလုပ်သမား ဆန္ဒပြ ချီတက် လှည့်လည် ပွဲ ဖြစ်ပေါ် ခဲ့ ပါတယ်။

လှိုင်သာယာ စက်မှုဇုံထဲ ဖိနပ်စက်ရုံ၊ အထည်ချုပ် စက်ရုံ၊ အအေးခန်း စက်ရုံ စတဲ့ လုပ်ငန်း အမျိုးမျိုး၊ ပိုင်ရှင် အသီးသီး ထံမှာ လုပ်ကိုင် နေကြတဲ့ စက်ရုံ ၆ ရုံ က အလုပ်သမားတွေ ဟာ လက်ရှိ အလုပ်သမား ဥပဒေပါ တချို့ အချက် တွေဟာ အလုပ်ရှင် တွေ ကို အလေးပေး ရာ ရောက် နေတယ် ဆိုပြီး ပြောင်းလဲ ပေးဖို့ ဆန္ဒ ပြ ခဲ့ ကြတာ ဖြစ်ပါတယ်။

လက်ရှိ ဥပဒေ အရ ဆိုရင် အလုပ်ရှင်- အလုပ်သမား ပြဿနာ တွေ မှာ အလုပ်ရှင် ဘက်က အမှား အယွင်း ရှိတယ် လို့ ဆုံးဖြတ် နိုင်ခဲ့ရင် တောင် သတ်မှတ် ထားတဲ့ ငွေဒဏ် ဟာ အလုပ်ရှင် သူဌေး တွေ အတွက် မပြောပ လောက် ဘူး ဆိုပြီး အလုပ်သမား ကိုယ်စားလှယ် တွေက ဘီဘီစီကို ပြောပါတယ်။

ဒါ့ကြောင့် အလုပ်ရှင် တွေဟာ အလုပ်သမား နစ်နာ ချက် တွေ အပေါ် တကယ် ဖြည့်ဆည်း မပေးပဲ ငွေဒဏ်သာ အလွယ် တကူ ပေးလာမှာ မျိုး ကြုံလာ နိုင်တယ် ဆိုပြီး အလုပ်သမား တွေက ထောက်ပြ ကန့်ကွက် နေကြ တာ ဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ် ရွှေလင်ပန်း စက်မှုဇုံ ထဲက ဂရိတ်ဝဲလ် ဖိနပ်စက်ရုံ အမှတ် ၁ နဲ့ ၂၊ ထိပ်တန်း မြန်မာအထည်ချုပ်စက်ရုံ ၊ Galent ocean အအေးခန်းစက်ရုံ၊ ဂျင်းဘရားသားနဲ့ စံကောင်းမြန်မာ ဖိနပ်စက်ရုံ ၊ ရက်စ်ဝမ်း အထည်ချုပ်စက်ရုံ တွေက အလုပ်သမားတွေ ဆန္ဒပြ ခဲ့ကြတာ ဖြစ်ပါတယ်။

အလုပ်ရှင်နဲ့ အလုပ်သမားကြား ပြဿနာ တစုံတရာ ရှိလာတိုင်း ညှိနှိုင်းမှု မလုပ်ဘဲ အလုပ်ရှင်က တဖက်သတ် အလုပ်ထုတ်ပယ်ရင် အရေးယူဖို့ ဆိုတဲ့ အချက်နဲ့ အလုပ်ခန့်ထားမှု ဆိုင်ရာ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်၊ လုပ်ငန်းခွင် စည်းကမ်းဆိုင်ရာ အလုပ်ရှင် အလုပ်သမား သဘောတူ စာချုပ်တွေ ချုပ်ဆို ပေးဖို့ကိုလည်း အလုပ်သမားတွေက တောင်းဆို ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ