ကချင်မှာဘိန်းခင်းဖျက်တဲ့ လူ တစ်ဦး သတ်ခံရ

  • 18 ဇန်နဝါရီ 2016
Image caption ဘိန်းခင်းတွေ ကို စုပေါင်း ဖျက်ဆီး နေတဲ့ အချိန်မှာ သေနတ်နဲ့ ပစ်ခံရတာ ဖြစ်

ကချင်ပြည်နယ်မှာ နေထိုင်သူတွေ စုပေါင်း ဖွဲ့စည်း ထားတဲ့ ပြည်သူ့အခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က လူငယ်တစ်ဦး သေနတ်နဲ့ ချောင်းမြောင်း ပစ်ခတ် ခံရလို့ သေဆုံးသွား ခဲ့ပါတယ်။

တနိုင်း မြို့နယ်၊ တရုံး ကျေးရွာ အုပ်စု ဘက်မှာ စိုက်ပျိုးထားတဲ့ ဘိန်းခင်းတွေ ကို စုပေါင်း ဖျက်ဆီး နေတဲ့ အချိန်မှာ သေနတ်နဲ့ ပစ်ခံရတာ ဖြစ်ပါတယ်။

အသက် ၁၉ နှစ် အရွယ် မောင် လထော် ဂျိုးဇက် ထူးဆိုင် ဆိုတဲ့ အဖွဲ့ဝင် လူငယ်ဟာ ဘိန်းခင်းတွေ ဖျက်ဆီး နေချိန်မှာ ဒေသလုပ် တူမီး သေနတ်နဲ့ ပစ်သတ် ခံလိုက်ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေကတည်း က စတင်ပြီး စိုက်ပျိုးထားတဲ့ ဘိန်းခင်းတွေကို ဖျက်ဆီး နေခဲ့ရာမှာ အခုနှစ်မှာ ပထမဦးဆုံး အကြိမ် မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့က အဖွဲ့ဝင် တစ်ဦး ပစ်သတ် ခံရတာ ဖြစ်ပါတယ်။

တိုက်ခိုက် ခံရမှု နဲ့ ပါတ်သက်လို့ ရဲတပ်ဖွဲ့ထံ တိုင်ကြားပြီး ဖြစ်တယ်လို့ ပြည်သူ့ အခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။

အရင်တုန်းကလည်း ပြည်သူ့ အခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ထံကို ခြိမ်းခြောက်မှုတွေ ရှိခဲ့ပြီး အခုဆိုရင် တိုက်ခိုက်မှုတွေ လုပ်လာခဲ့ပြီ ဖြစ်ပေမယ့် ဘိန်းခင်း ဖျက်ဆီးမှု လုပ်ငန်းတွေကို ရပ်ဆိုင်းမှာ မဟုတ်ဘူးလို့ တာဝန် ရှိသူက ဆက်ပြောပါတယ်။

ပြည်သူ့ အခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့က နှစ်စပိုင်း ကတည်းက စတင်ဖျက်ဆီး ခဲ့တဲ့ ဘိန်းခင်း စုစုပေါင်း ဧက တစ်ထောင်ကျော် ရှိခဲ့ပြီ ဖြစ်တယ်လို့ သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ