ငြိမ်းချမ်းရေး ညီလာခံအပြီး ရှေ့ခရီး

  • 18 ဇန်နဝါရီ 2016
Peace Conference ဓာတ်ပုံ မူပိုင် AFP getty
Image caption အာဏာလွှဲပြီးတာနဲ့ အစိုးရသစ်က ငြိမ်းချမ်းရေး ဦးစားပေး လုပ်ဖွယ်ရှိ

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြီးစီး သွားတဲ့ ငြိမ်းချမ်းရေး ညီလာခံဟာ လက်ရှိ အစိုးရရဲ့ နောက်ဆုံးမှတ်တိုင် တစ်ခုသာ ဖြစ်ပြီး အစိုးရသစ်နဲ့မှ အသေးစိတ် ဆွေးနွေးရမှာဖြစ်တယ်လို့ ညီလာခံ တက်ရောက်ခဲ့တဲ့ တိုင်းရင်းသား အပစ်ရပ် လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ် PNLO နာယက ဦးခွန်ဥက္ကာက ပြောပါတယ်။

နောင်တက်လာမယ့် အစိုးရက နိုင်ငံရေး ဆွေးနွေးပွဲတွေကို ပြုလုပ်နေတဲ့ တချိန်တည်းမှာပဲ ငြိမ်းချမ်းရေး ညီလာခံကိုလည်း အဆင်ပြေတာနဲ့ မြန်မြန်ဆန်ဆန် လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အာဏာလွှဲပြောင်းရေး ပြီးစီးတာနဲ့ နောင်တက်လာမယ့် အစိုးရက ငြိမ်းချမ်းရေး ကိစ္စကို ဦးစားပေး လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဦးခွန်ဥက္ကာက က ပြောပါတယ်။

ဒါ့အပြင် သူက လောလောဆယ်မှာ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နဲ့ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကြားမှာ အကြို ညှိနှိုင်း ဆွေးနွေးခဲ့တာတွေ ရှိခဲ့ပြီး လက်ရှိ ဦးသိန်းစိန် အစိုးရနဲ့ သဘောတူထားပြီးသား ရလဒ် တွေကို အကောင်အထည်ဖော်ဖို့ သဘောတူထားပြီး ဖြစ်ကြောင်းလည်း ပြောပါတယ်။

လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက အစိုးရသစ်ရဲ့ ဖိတ်ခေါ်မှုကို စောင့်နေတဲ့ အနေအထား ရှိနေပြီး လက်မှတ်ထိုးပြီးတဲ့ အဖွဲ့တွေကတော့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေးကို တာစူနေတယ်လို့ ဦးခွန်ဥက္ကာက က ပြောပါတယ်။

ကြားကာလမှာ တိုင်းရင်းသားလူမျိုးတွေ အလိုက်၊ တိုင်းနဲ့ ပြည်နယ်တွေ အလိုက် ဒါမှ မဟုတ် ကိစ္စရပ်တွေ အလိုက် ဆွေးနွေးတာတွေ ရှိနေမှာ ဖြစ်တဲ့ အတွက် တစ်ချိန်မှာ အန်အယ်လ်ဒီ ပါတီက ဒုတိယ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ခေါ်တဲ့အခါမှာ အနယ်နယ် အရပ်ရပ်က ရထားတဲ့ ရလဒ်တွေကို တင်ပြ ဆွေးနွေးကြဖို့ အဆင်သင့် ဖြစ်နေလိမ့်မယ်လို့ သူက ပြောပါတယ်။

ဒါကြောင့် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ် တွေ ရလာလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ