သယံဇာတဝင်ငွေ တဝက်ကျော် နိုင်ငံ ဘတ်ဂျက်ထဲ မရောက်

  • 20 ဇန်နဝါရီ 2016
Burma Gas
Image caption သဘာဝဓါတ်ငွေ့ တင်ပို့ ရောင်းချမှုကနေ ငွေ အမြောက်အမြား ရရှိ

ဦးသိန်းစိန် အစိုးရ လက်ထက် မှာ ဒေါ်လာ ဘီလီယံချီ ဝင်ငွေရတဲ နိုင်ငံပိုင် စီးပွါးရေး လုပ်ငန်း တချို့က ဝင်ငွေ ၅၀ ရာခိုင်နှုန်းကျော်ဟာ နိုင်ငံတော် ဘတ်ဂျက်ကို ရောက်မလာဘူးလို့ အရပ်ဖက် လူမှု အဖွဲ့အစည်းတွေ ပူးပေါင်း ဖွဲ့စည်းထားတဲ့ မြန်မာ နိုင်ငံ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဖက် မဟာမိတ် အဖွဲ့ MATA က ပြောပါတယ်။

မြန်မာနိုင်ငံ ကနေ ပြည်ပကို ရောင်းချ နေတဲ့ သဘာဝ သယံဇာတတွေ ထဲက နံပတ်တစ် ဝင်ငွေရ လုပ်ငန်းဖြစ်တဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်းက ရတဲ့ ဝင်ငွေ တစ်ဝက်ကျော်ဟာ နိုင်ငံတော် ဘတ်ဂျက် ထဲကို ဝင်မလာဘဲ ပျောက်နေပြီး အဲဒီငွေတွေကို ဝန်ကြီးဌာန စာရင်း ခေါင်းစဉ် တစ်ခုနဲ့ ပြထားတာ တွေ့ရှိရတယ်လို့ MATA အဖွဲ့က ဒေါ်မိုးမိုးထွန်းက ဘီဘီစီကို ပြောပါတယ်။

မြန်မာ့ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ လုပ်ငန်း ဆိုင်ရာဌာနနဲ့ သတ္တုတွင်း ဝန်ကြီးဌာနတို့မှာ စာရင်းတွေ တောင်းကြည့်တဲ့ အခါ ကျန်တဲ့ ၅၁ ရာခိုင်နှုန်းကို သူတို့ ဝန်ကြီးဌာနတွေရဲ့ နာမည်တွေနဲ့ မြန်မာ့ စီးပွားရေး ဘဏ်မှာ အပ်နှံထားတာ တွေ့ရတယ် လို့လည်း သူက ပြောပါတယ်။

စစ်တပ်ကပိုင်တဲ့ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းနဲ့ မြန်မာ့ ဦးပိုင် လီမိတက် တို့ကိုလည်း နိုင်ငံပိုင် ဖြစ်သင့် မဖြစ်သင့် ဆွေးနွေးသင့်တယ်လို့ သူတို့ အဖွဲ့က အကြံပြု ထားကြောင်း ဒေါ်မိုးမိုးထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံဟာ တွင်းထွက် သယံဇာတ တူးဖော် ထုတ်လုပ်မှု ဆိုင်ရာ နိုင်ငံတကာ စံနှုန်း လုပ်ငန်းစဉ် EITI မှာ ပါဝင်နိုင်ဖို့ ၂၀၁၂ ခုနှစ်က စတင် ကြိုးပမ်း ခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံ အနေနဲ့ သယံဇာတက ရတဲ့ ငွေတွေကို အများ ပြည်သူ သိအောင် ထုတ်ပြန် ပေးဖို့ တာဝန်ရှိ ပါတယ်။

အခုလို နိုင်ငံပိုင် ဆိုပြီး နိုင်ငံပိုင် ဘက်ဂျက် ထဲကို မဝင်တဲ့ ၅၁ ရာခိုင်နှုန်း ပမာဏဟာ ဝန်ကြီးဌာန အလွှဲအပြောင်းမှာ နောင်အစိုးရ သစ်အနေနဲ့ အထူးသတိထားပြီး လွှဲပြောင်း ရယူဖို့ လိုတယ် လို့လည်း ဇန်နဝါရီလ ၂၀ ရက်နေ့က MATA ရန်ကုန်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ