ဦးဂမ္ဘီရ ခေါ် ကိုညီညီလွင် ဖမ်းခံရ

  • 20 ဇန်နဝါရီ 2016
Image caption တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃(၁) အရ တရားလိုလုပ်တရားစွဲပြီး အိုးဘိုထောင်ကို တန်းပို့

ဇန်နဝါရီ၁၉ ရက်နေ့ ညက ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃလှူပ်ရှားမှုတုန်းက ဦးဂမ္ဘီရဘွဲ့နာမည်နဲ့ သံဃာ ခေါင်းဆောင် ဖြစ်ခဲ့ဖူးပြီး ယခု လူဝတ်လဲထားတဲ့ ကိုညီညီလွင်ကို မန္တလေး မဟာအောင်မြေမြို့နယ်က ပါဝါဟိုတယ်မှာ တည်းခိုနေတုန်း ဖမ်းဆီးလိုက်ပါတယ်။

တချိန်က ဦးဂမ္ဘီရဖြစ်ခဲ့တဲ့ ကိုညီညီလွင်ကို သူတည်းခိုတဲ့ ပါဝါဟိုတယ်ကနေ ည ၁၁ နာရီလောက်မှာ ရဲတပ်ဖွဲ့နဲ့ လူဝင်မှု ကြီးကြပ်ရေးအရာရှိတွေ အင်အား ၁၅လောက် ရောက်လာပြီးတော့ ဖမ်းသွားတာပါ။

ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေပိုင်းမှာတော့ မဟာအောင်မြေတရားရုံးမှာ မဟာအောင်မြေမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးမှုး ဦးသောင်းဒန်က တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃(၁) အရ တရားလိုလုပ်တရားစွဲပြီး အိုးဘိုထောင်ကို တန်းပို့လိုက်ပါတယ်။

ကိုညီညီလွင်ရဲ့ အမေ ဒေါ်ရေးကတော့ သူ့သားဟာ ထိုင်းနိုင်ငံကနေ တရားဝင်ပြန်လာပြီး မိတ္ထီလာကို ၁၆ ရက်နေ့ ကတည်းက ရောက်ပြီးတော့ မန္တလေးကို အသွားမှာ အဖမ်းခံရတာဖြစ်တယ်လို့ ပြောပါတယ်။

ကိုညီညီလွင်ရဲ့ အမှုကို ရှေ့နေလိုက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဒေါ်ရွှက်နုအောင်က ကိုညီညီလွင်ရဲ့ ပြောပြချက်တွေနဲ့ အထောက်အထားတွေကို အခြေခံပြီး ကိုညီညီလွင်ဟာ ထိုင်းကိုတရားဝင်သွားပြီး ဆေးကုသမှုခံခဲ့တာမို့ ဒီအကြောင်းရာတွေနဲ့ ခုခံချေပသွားမယ်လို့ ပြော ပါတယ်။

ဦးဂမ္ဘီရဘွဲ့နာမည်နဲ့ ၂၀၀၇ ရွှေဝါရောင် သံဃာ့ အရေးအခင်းမှာ ခေါင်းဆောင်ခဲ့မှုကြောင့် ထောင်ဒဏ် ၆၈နှစ်ချခံရပြီး ၂၀၁၂ ဇန်နဝါရီ ၁၃ရက်နေ့က သမတ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်မြောက် လာသူဖြစ်ပါတယ်။

ထောင်ကလွတ်ပြီးတဲ့နောက် ၂၀၁၃ နှစ်ကုန်ပိုင်းမှာ ဩစတြေးလျ နိုင်ငံသူ Marie Linda နဲ့ မြန်မာနိုင်ငံမှာ တရားဝင် လက်ထပ်ခဲ့ပါတယ်။

လက်ထပ်ပြီးတဲ့နောက်ပိုင်း ထိုင်းနိုင်ငံမှာ အလုပ်သမားမှတ်ပုံတင်နဲ့ သွားရောက်နေထိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က ထိုင်းမြန်မာနယ်စပ် တာချီလိတ် နယ်စပ်ဂိတ်ကနေ မန္တလေးမြို့မှာ နိုင်ငံကူး လက်မှတ်လုပ်ဖို့ လာရင်း ခုလို အဖမ်းခံ လိုက်ရတာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ