မလေးရှားမှာ ခိုက်ရန် ဖြစ်တဲ့ မြန်မာတွေ စိုးရိမ်နေ

  • 21 ဇန်နဝါရီ 2016
Myanmar workers in Malaysia
Image caption မလေးရှားမှာ အလုပ်လုပ်တဲ့ မြန်မာ အလုပ်သမား အမြောက်အမြားရှိ

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် ဆာလာရန်း ဈေးဖက်မှာ အိန္ဒိယ နွယ်ဖွား မလေးရှား နိုင်ငံသားတချို့နဲ့ မြန်မာနိုင်ငံသား တချို့တို့ ခိုက်ရန် ဖြစ်ပွားရာက ၂ ဦးသေဆုံးပြီး ၁၀ ယောက် နီးပါး ဒဏ်ရာရခဲ့ ပါတယ်။

အခုအခါ အခြေအနေ တင်းမာနေတဲ့ အနေအထားရှိပြီး အဖမ်းအဆီး တွေလည်းရှိရာမှာ မြန်မာနိုင်ငံသား ၃၀ဝ လောက် အဖမ်း ခံလိုက်ရပြီလို့ ဆာလာယန်း ဈေးမှာ ရှိသူ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဆာလာယန်းဈေးမှာ အလုပ်လုပ်နေသူ မြန်မာနိုင်ငံသား တစ်ဦးဆီမှာ မလေးရှားနိုင်ငံသား တစ်စုက မိုက်ကြေးခွဲ ငွေတောင်းရာမှာ မပေးနိုင်လို့ မြန်မာနိုင်ငံသားကို ပြီးခဲ့တဲ့ ၁၂ ရက်နေ့က လိုက်ရိုက်ခဲ့ရာက ပြဿနာ စတင်ခဲ့တာ ဖြစ်ပါတယ်။

မိုက်ကြေးခွဲသူတွေက မြန်မာနိုင်ငံသားကို တုတ်၊ ဓါး၊ သေနပ် တွေနဲ့ တိုက်ခိုက်ရာမှာ တခြားမြန်မာ နိုင်ငံသားတွေက ခုခံ တိုက်ခိုက်မှုတွေ ရှိခဲ့ပြီး ခိုက်ရန် ဖြစ်ပွား ခဲ့ကြ တယ်လို့ ဆာလာယန်း ဈေးမှာ ရှိနေသူတစ်ယောက်က ပြော ပါတယ်။

ဓါးဒဏ်ရာ ရခဲ့ကြတဲ့ မြန်မာ နိုင်ငံသား ငါးယောက်လောက်ကို ဆေးရုံမှာ ကုသပေးရတယ်လို့လည်း သိရကြောင်း အဲဒီလူက ပြောပါတယ်။

မလေးရှားမှာ ရှိတဲ့ မြန်မာ သံရုံးက ပြဿနာ ဖြစ်ရာ နေရာကို မသွားကြဖို့ မြန်မာ နိုင်ငံသားတွေကို သတိပေး ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မလေးရှား ရဲတွေ ကလည်း ဈေးထဲကို လူဆိုးဂိုဏ်တွေ မလာနိုင်အောင် အဝင်အထွက် လုံခြုံရေး ယူပေးထားတယ်လို့ ဆာလာယန်း ဈေးမှာ ရှိတဲ့ မြန်မာ နိုင်ငံသားတွေက ပြောပါတယ်။

ဒီဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံသားတွေကို ဆာလယန်း ဈေးကနေ ဖယ်ရှားပေးဖို့ မလေးရှား လွှတ်တော်ထဲမှာ မေးခွန်း မေးတဲ့အထိ ဖြစ်ခဲ့တယ်လို့ မြန်မာ အသိုင်းအဝိုင်းက ပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ