လွတ်ငြိမ်းခွင့်ရသူ တစ်ရာ ကျော်မှာ နိုင်ကျဉ်း တဝက်ပါ

  • 22 ဇန်နဝါရီ 2016
Prisoners Release ဓာတ်ပုံ မူပိုင် AP
Image caption ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ဖို့ အင်းစိန် ထောင်ရှေ့မှာ တောင်းဆိုနေ

မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ပြစ်ဒဏ် ကျခံနေရတဲ့ အကျဉ်းသား ၁၀၂ ယောက်ကို နိုင်ငံတော် သမ္မတရဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် အရ ဇန်နဝါရီလ ၂၂ ရက်နေ့က ပြန်လွှတ်ပေးခဲ့ ပါတယ်။

အခု အစိုးရ လက်ထက်မှာ အကျဉ်းထောင် တွေထဲ နိုင်ငံရေး အကျဉ်းသား လုံးဝ မရှိစေရဘူးလို့ အာဏာပိုင်တွေ ဘက်က ပြောထားပေမဲ့ အခု လွတ်လာသူတွေ ထဲမှာ နိုင်ငံရေး အကျဉ်းသားက တဝက်လောက်ပဲ ပါတာ တွေ့ရပါတယ်။

ပြည်တွင်း ပြည်ပက အဖွဲ့အစည်း အသီးသီးရဲ့ တောင်းဆိုမှုကြောင့်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်နေတဲ့ နိုင်ငံရေး ဖြစ်စဉ်မှာ အားလုံး ပါဝင်ခွင့် ရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လွှတ်ပေးခဲ့တာလို့ သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

ပြန်လွတ်လာသူတွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၅၂ ယောက်ပဲ ပါတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း မြန်မာ နိုင်ငံ AAPP က ပြောပါတယ်။

အဲဒီထဲမှာ မန္တလေး ရတနာပုံ တက္ကသိုလ်က ကျောင်းသား ခေါင်းဆောင် ကိုနိုင်ရဲဝေ၊ မိကျောင်းကန် ဆန္ဒပြတဲ့သူတွေ၊ ပြည်သူ့ ဒီမိုကရေစီပါတီက ဒေါက်တာ သန်းထိုက်ဦးတို့ ပါဝင် တယ်လို့ AAPP က ပြောပါတယ်။

လက်ကျန် ပြစ်ဒဏ် တွေနဲ့ ပတ်သက်တဲ့ စည်းကမ်း သတ်မှတ်ချက် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပေဒေ ၄၀၁ (ခ) ခံဝန် ကတိကို လက်မှတ်ရေးထိုးမှ ပြန်လွှတ်ပေးတာ ဖြစ်ပေမဲ့ သူကတော့ လက်မှတ် မထိုးခဲ့ဘူးလို့ လည်း ကိုနိုင်ရဲဝေက ပြောပါတယ်။

နိုင်ငံရေးအမှုတွေနဲ့ ပြစ်ဒဏ်မချခံရသေးတဲ့ တရားရင်ဆိုင်နေရသူတွေ စုစုပေါင်း ၄၀၀ ကျော်ရှိနေသေးပြီး သူတို့ အားလုံးကို လွှတ်ပေးဖို့ AAPP က တောင်းဆိုလိုက် ပါတယ်။

ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က သမ္မတ အနေနဲ့ ပြစ်ဒဏ် ချခံ ထားရသူတွေကိုသာ လွတ်ငြိမ်းခွင့် ပေးလို့ ရပြီး အမှု ရင်ဆိုင်ရဆဲ ဖြစ်နေသူတွေ အတွက် တရား စီရင်ရေး ပိုင်းမှာ ဝင်စွက်လို့ မရဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ AAPP အတွင်းရေးမှူး ဦးတိတ်နိုင်ကတော့၂၀၁၃ ခုနှစ် ဒီဇင်ဘာလက လွှတ်ပေးတဲ့ အထဲမှာ ထောင်ကျ နေသူတွေအပြင် တရားရင်ဆိုင်နေရသူတွေ၊ စုံစမ်း စစ်ဆေး နေသူတွေကို အမှု ပိတ်သိမ်းပြီး လွှတ်ပေးခဲ့တဲ့ သာဓက ရှိခဲ့တယ်လို့ ထောက်ပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ