သတင်းမီဒီယာဆက်သွယ်ရေးအတွက် NLD ဘာလုပ်မလဲ

  • 23 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်အောင်ဆန်းစုကြည်က ပါတီရဲ့ တဦးတည်းသော ပြောခွင့်ရှိသူလို ဖြစ်လာပါတယ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က အခုအချိန်ဟာ သိမ်သိမ်မွေ့မွေ့ နဲ့လုပ်ကိုင် ဆောင်ရွက် နေရတဲ့ အချိန် ကာလ ဖြစ်တဲ့ အတွက် မူဝါဒနဲ့ အသွင် ကူးပြောင်းရေး ဆိုင်ရာ ကိစ္စရပ် တွေကို ဥက္ကဌဒေါ်အောင်ဆန်းစုကြည် တဦးတည်းသာ ပြောရေး ဆိုခွင့်ရှိတဲ့ အကြောင်း ကြေညာချက် ထုတ်ပြန် ထားလို့ သတင်းမီဒီယာ တွေအဖို့ အန်အယ်ဒီနဲ့ ဆက်သွယ်ရာမှာ အခက်အခဲရှိလာ ပါတယ်။

အဲဒီ အခက်အခဲကို ဖြေရှင်း ဖို့အတွက် အကောင်းဆုံး နည်းတခုက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သတင်းမီဒီယာ တွေကို ပုံမှန်တွေဆုံ သင့်တယ်လို့ သူနဲ့ နှစ်ပေါင်း များစွာ အတူလက်တွဲ အလုပ်လုပ် ခဲ့တဲ့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး က ဘီဘီစီ ကိုပြောပါတယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ တုန်းက အန်အယ်ဒီ ဟာ အပြတ်အသတ် နိုင်ခဲ့ပေမယ့် အဲဒီ အချိန်က ပါတီခေါင်းဆောင် တချို့ရဲ့ ပြောဆိုချက်တွေကို ထောက်ရှုပြီး လက်တုံ့ ပြန်မှာကို စိုးရိမ်တဲ့ အတွက် တပ်မတော် ဖက်က အာဏာ လွှဲပြောင်း မပေးခဲ့တာ ဆိုတဲ့ပြော ဆိုမှုတွေ ရှိခဲ့ပါတယ်။

အခုတကြိမ် မှာလည်း အလားတူ ဖြစ်မလာအောင် ကြိုတင်သတိထား ပြီး ဆောင်ရွက်နေတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြောင်း ဦးခွန်ထွန်းဦးက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အန်အယ်ဒီ လွှတ်တော် အမတ်တွေ အများစု ပါဝင်တဲ့ လွှတ်တော်သစ် ကိုခေါ်ယူမှာ ဖြစ်ပြီး အဲဒီလွှတ်တော်ကနေ ဒုတိယသမ္မတ နဲ့ သမ္မတ တို့ကို မဲပေး ရွေးချယ် မှာ ဖြစ်ပါတယ်။