ဒေသခံတွေနဲ့သာ ကယားပြည်နယ် အစိုးရဖွဲ့ဖို့တောင်းဆို

Daw Aung San Suu Kyi in Kayar State
Image caption ရွေးကောက်ပွဲ မတိုင်ခင်က ဒေါ်အောင်ဆန်း စုကြည် ကယားပြည်နယ်စည်းရုံးရေး ခရီး

မကြာခင် ဖွဲ့စည်းတော့မယ့် ကယားပြည်နယ် အစိုးရ အဖွဲ့မှာ ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် အစိုးရ အဖွဲ့ဝင်တွေကို ပြည်နယ်မှာနေထိုင်တဲ့ ဒေသခံတွေကိုသာ ခန့်အပ် တာဝန်ပေးဖို့ ကယားပြည်နယ် အတွင်းက ပါတီတွေနဲ့ လူမှုရေး အသင်းအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

ပါတီတွေက NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဆီကိုလည်း စာရေးသား ပေးပို့ခဲ့ပါတယ်။

NLD လွှတ်တော်အမတ်အတွေကိုပဲ ခန့်လိုက်မယ် ဆိုရင် ပြည်နယ် လွှတ်တော်မှာ အားနည်းသွားမှာဖြစ်တဲ့ အတွက် ဒေသတွင်း နိုင်ငံရေးပါတီ ဒါမှမဟုတ် ဒေသတွင်းက အရည် အချင်း ရှိသူတွေကို ခန့်ဖို့ တိုက်တွန်းရတာ ဖြစ်တယ်လို့ လူမျိုးပေါင်းစုံ ဒီမိုကရေစီ ပါတီ ဒုတိယ ဥက္ကဌ ဦးဆော်လမွန်က ဘီဘီစီကို ပြောပါတယ်။

တဖက်မှာလည်း လူမှုရေး အသင်းအဖွဲ့တွေက ပြီးခဲ့တဲ့ရက်က စုပေါင်းဆွေးနွေးပွဲတရပ်ပြုလုပ်ခဲ့ ပြီး ကယားပြည်နယ် အစိုးရအဖွဲ့မှာ ကယားပြည်နယ်သားတွေကိုပဲ ခန့်အပ်ဖို့ တောင်းဆို ပါသေးတယ်။

ဒါ့အပြင် အထွေထွေ အုပ်ချုပ်ရေးမှူး တွေကို ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်မှာ မခန့်ထားဘဲ သမ္မတ လက်အောက်မှာ ထားပြီး ခန့်အပ် သင့်တယ်လို့လည်း လူမှုရေး အသင်း အဖွဲ့ဆွေးနွေးပွဲ ပြောရေးဆိုခွင့်ရှိသူ ဦးနန်းရီက ပြောပါတယ်။

ကယားပြည်နယ်မှာ ပြည်နယ်အခြေစိုက် ပါတီတွေ အနိုင်မရ ပေမဲ့ ပြည်နယ်အတွင်းက သူတွေကိုသာ အစိုးရ ဖြစ်စေချင်ကြ ပါတယ်။

ရခိုင်ပြည်နယ် မှာလည်း ရခိုင်အမျိုးသား ပါတီက အမတ်အများဆုံး နိုင်ထားတဲ့အတွက် ပြည်နယ်အစိုးရကို ရခိုင်အမျိုးသား ပါတီနဲ့အတူ ပူးပေါင်းဖွဲ့စည်းဖို့ NLD ကို တောင်းဆိုထား ပါတယ်။

ပြည်နယ်အစိုးရ ဖွဲ့စည်းရေး အပါအဝင် ပြည်ထောင်စု အစိုးရဖွဲ့စည်းရေး တွေကို NLD အခုချိန်ထိတော့ က တစုံတရာထုတ်ဖေါ်ပြောဆိုခြင်းတော့ မရှိသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ