လဝက ဌာနကို ပြည်ထဲရေးအောက် ထားဖို့ သမ္မတ သဝဏ်လွှာပို့

  • 26 ဇန်နဝါရီ 2016
Burma Parliament ဓာတ်ပုံ မူပိုင် AFP
Image caption လဝကကို ပြည်ထဲရေး အောက်မှာ ထားမထား လွှတ်တော်မှာ ဆွေးနွေးမယ်

လက်ရှိ လွှတ်တော် အစည်းအဝေးတွေ ပြီးဆုံးဖို့ ၃ ရက်ပဲ ကျန်တော့တဲ့ အချိန်မှာ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန လဝက ကို ဖျက်သိမ်းပြီး ပြည်ထဲရေး ဝန်ကြီးဌာနအောက်မှာ ဦးစီးဌာန အနေနဲ့ ထားရှိဖို့ နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော် နာယကကို သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

သမ္မတက ပေးပို့တဲ့ သဝဏ်လွှာထဲမှာ နိုင်ငံတော် လုံခြုံရေး၊ နယ်စပ် လုံခြုံရေးနဲ့ နယ်စပ်ဒေသမှာ တရားမဝင် ခိုးဝင် ခိုးထွက်မှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လဝက ဌာနကို ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက် ထည့်သွင်းချင်တာ ဖြစ်တယ်လို့ဖော်ပြ ထားပါတယ်။

ဒီကိစ္စကို ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ကော်မတီမှာ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ ဇန်နဝါရီလ ၂၆ ရက်နေ့က ဆွေးနွေးရာမှာ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ချက်ခြင်း ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပြီး ရွေးကောက်ပွဲ အနိုင်ရ ထားတဲ့ NLD ပါတီကတော့ တဆင့်ချင်း ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်။

ဒီကိစ္စကို ထောက်ခံတဲ့ ရခိုင် အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်ကတော့ လူဝင်မှု ကြီးကြပ်ရေး ကိစ္စဟာ အမျိုးသားလုံခြုံရေးနဲ့ဆိုင်တဲ့ ကိစ္စ ဖြစ်လို့ အမျိုးသား လုံခြုံရေးကို ဆောင်ရွက်တဲ့ အဖွဲ့ အစည်းကြီး တစ်ခု လက်အောက်မှာ ထားသင့်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ လက်ရှိ အစိုးရ သက်တမ်း ကုန်ကာနီးမှာ အခုလို လုပ်တာ မသင့်တော်ဘူးလို့ မွန်အမျိုးသား ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင် မိုးက ပြောပါတယ်။

ဥပဒေကြမ်းကော်မတီက ပါတီတွေ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေကို စုစည်းပြီး ပြည်ထောင်စု လွှတ်တော်ကို တင်ပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်ထဲရေး ဝန်ကြီးကို ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ခွင့်ရှိတဲ့ အတွက် ဒီဥပဒေကို ပြည်ထောင်စု လွှတ်တော်က အတည် ပြုလိုက်မယ် ဆိုရင် အလွန် အကဲဆတ်ပြီး နယ်စပ်မှာ ဖြတ်ကျော်ဝင်ရောက် လာသူတွေနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ ကိစ္စဟာ အရပ်သား အစိုးရဲ့ စီမံခန့်ခွဲမှု အောက်မှာ မရှိတော့ဘဲ တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားမှာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ