ဖားကန့် မြေစာပုံ ပြိုပြန် ပေမယ့် လူတွေ ကံသီပြီး အသက်ဘေးက လွတ်

  • 26 ဇန်နဝါရီ 2016
_pharkant
Image caption မြေစာ ကို စွန့်ပစ် ကြတဲ့ အခါ ပေ ရာ နဲ့ ထောင် နဲ့ ချီပြီး မြင့်တဲ့ အထိ အရောက် မခံ ပဲ ပေ ၅၀ ဝန်းကျင် သာ ထားကြဖို့ အမိန့် ထုတ် ထား။

ပြီးခဲ့တဲ့ တနင်္လာနေ့ ညက ဖားကန့်ဒေသ လုံးခင်း မြို့နယ် ထဲမှာ ကျောက်စိမ်း မိုင်းတွင်း မြေစာပုံ ပြိုကျ မှု ထပ်မံ ဖြစ်ခဲ့တာမှာ ရေးမဆေး ကျောက် ရှာ ဖွေ နေသူ တွေ ရာ ဂဏန်း ရှိနေပေမယ့် အချိန်မီ ရှောင်တိမ်း နိုင်ခဲ့လို့ သေဆုံး ဒဏ်ရာရ သူ မရှိဘူး ဆိုပြီး ဒေသခံ ရဲစခန်း က ဘီဘီစီ ကို ပြောပါတယ်။

ပြိုကျ ခဲ့တဲ့ မြေစာပုံ ဟာ ရတနာ ရောင်ခြည် နဲ့ မြစ်ဆုံ ဧရာ ကျောက်မျက် ကုမ္ပဏီ တွေရဲ့ စွန့်ပစ် မြေစာပုံ ဖြစ်တယ် လို့ အခင်း ဖြစ်ရာ ကို သွားရောက် စစ်ဆေး ခဲ့တဲ့ လုံးခင်း ရဲစခန်းက ရဲအရာရှိ က ဆိုပါတယ်။

ဒေသခံ အာဏာပိုင် တွေ အပါအဝင် ကုမ္ပဏီ က တာဝန်ရှိသူ တချို့ နဲ့ တွေ့ဆုံ ပြီး ကျောက်စိမ်း တူး နေတဲ့ လုပ်ငန်း ကို ယာယီ ရပ်ဆိုင်း ထားခဲ့တယ် လို့လည်း အဲဒီ့ အရာရှိ က ဆိုပါတယ်။

ဖားကန့် ဒေသမှာ ကျောက်စိမ်း တွင်း တွေက စွန့်ပစ် မြေစာပုံ ပြိုကျ တာမျိုး မကြာ ခဏ ဆိုသလို ဖြစ်ပေါ် နေ ခဲ့ပြီး လူ့ အသက် ပေါင်း ရာ နဲ့ချီ သေဆုံး ရတဲ့ အခါ မျိုးလည်း ရှိခဲ့ ပါတယ်။

အခုတော့ သက်ဆိုင်ရာ အာဏာပိုင် တွေကနေ ကျောက်စိမ်း ကုမ္ပဏီ တွေကို မြေစာ ကို စွန့်ပစ် ကြတဲ့ အခါ ပေ ရာ နဲ့ ထောင် နဲ့ ချီပြီး မြင့်တဲ့ အထိ အရောက် မခံ ပဲ ပေ ၅၀ ဝန်းကျင် သာ ထားကြဖို့ အမိန့် ထုတ် ထားတယ် လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ