လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ တွေ NLD ဖော်ပြ

  • 28 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် epa
Image caption NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က အတည်ပြု ခန့်အပ်

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက လွှတ်တော်သစ် အတွက် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ဦးဝင်းမြင့်၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဦးတီခွန်မြတ်၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ဦးမန်းဝင်းခိုင်သန်း ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဦးအေးသာအောင် တို့ကို NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က လျာထား လိုက်ကြောင်း ပါတီ ပြောရေး ဆိုခွင့် ရှိသူ ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

NLD က အတည်ပြုခဲ့တဲ့ လေးယောက်ထဲမှာ ဦးဝင်းမြင့်နဲ့ ဦးမန်းဝင်းခိုင်သန်းဟာ NLD ပါတီက ဖြစ်ပြီး ဦးတီခွန်မြတ်က ကြံ့ခိုင်ရေး ပါတီနဲ့ ဦးအေးသာအောင်ကတော့ ရခိုင်အမျိုးသား ပါတီက ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပြည်သူကို ပေးထားတဲ့ ကတိအတိုင်း အမျိုးသား ပြန်လည်သင့်မြတ် ရေးနဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို လက်တွေ့ လုပ်ပြတာဖြစ်တယ်လို့ NLD ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းထိန် ကပြောပါတယ်။

အမျိုးသားလွှတ်တော် ဥက္ကဌ နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌတွေဟာ မြန်မာနိုင်ငံမှာ အဆင့်အမြင့်ဆုံး အဖွဲ့အစည်း ဖြစ်တဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ အမျိုးသားလွှတ်တော် ဥက္ကဌဟာ ပြည်ထောင်စုလွှတ်တော် နာယက အဖြစ် ပထမ လပေါင်း ၃၀ တာဝန်ယူရမှာ ဖြစ်ပါတယ်။

လွှတ်တော်ဥက္ကဋ္ဌတွေ နဲ့ ဒုဥက္ကဋ္ဌ တွေရဲ့ တာဝန်နဲ့ ပတ်သက်လို့ ကြံခိုင်ဖွံဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းက လွှတ်တော် က အစိုးရရဲ့ လုပ်ငန်း တွေကို ထိန်းကျောင်း ရမှာ ဖြစ်ပြီး၊ ဥက္ကဋ္ဌတွေရဲ့ လုပ်ငန်း စဉ်တွေက အရေးကြီးတယ်လို့ ရှင်းပြပါတယ်။

အခုလို NLD ပါတီက ရွေးချယ်လျာထားတဲ့ လွှတ်တော် ဥက္ကဌ နှစ်ဦးနဲ့ ဒုတိယဥက္ကဌ နှစ်ဦးကိုတော့ ဖော်ဖော်ဝါရီလ တစ်ရက်နေ့မှာ စတင်မဲ့ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးမှာ တရားဝင် ခန့်အပ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။