ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ သစ်ကိုဝေဖန်နေ

  • 28 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌ သစ် တာဝန် ပေးခံရသူ ဦးတီခွန်မြတ် ( ညာအစွန်)

ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ စတင် ကျင်းပမယ့် လွှတ်တော်သစ် အတွက် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ တွေရဲ့ နာမည်တွေကို ဇန်နဝါရီလ ၂၈ ရက်နေ့က NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ဖော် ကြေညာခဲ့ရာမှာ ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် ကို တာဝန်ပေးမယ်လို့ ဆိုပါတယ်။

ဦးတီခွန်မြတ်က ဥပဒေပိုင်း ကျွမ်းကျင်သူအဖြစ် အကောင်းမြင်သူတွေရှိသလို မူးယစ်ဆေးဝါးနဲ့ ပတ်သက်သူ အဖြစ်လည်း ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။

ဦးတီခွန်မြတ်ဟာ အခုကုန်ဆုံးတော့မယ့် ပြည်သူ့လွှတ်တော်မှာ ဥပဒေကြမ်းကော်မတီ ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင် နေသူလည်း ဖြစ်ပါတယ်။

သူဟာ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မတီဝင် ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ သူရဦးရွှေမန်းကို ပါတီဥက္ကဌကနေ ဖယ်ရှားလိုက်ပြီးနောက် ဦးတီခွန်မြတ်လည်း ဗဟိုကော်မတီဝင် အဖြစ်ကနေ ဖယ်ရှားခံရ ပါတယ်။

ကွတ်ခိုင် ဇာတိဖြစ်ပြီး ကချင်လူမျိုးဖြစ်တဲ့ ဦးတီခွန်မြတ်ဟာ ခရစ်ယာန် ဘာသာ ကိုးကွယ်သူဖြစ်ပြီး အသက် ၆၆ နှစ်အရွယ် ဖြစ်ပါတယ်။

ဥပဒေဘွဲ့ရ တစ်ယောက် ဖြစ်တဲ့အပြင် ရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူး ပါတယ်။

သူဟာ ကွတ်ခိုင်မြို့နယ်က ပြည်သူ့စစ်ခေါင်းဆောင်လည်း ဖြစ်ခဲ့ဖူး ပါတယ်။

ဦးတီခွန်မြတ်ဟာ ဆက်ဆံရေးကောင်းမွန်ပြီး အလုပ်ကို တာဝန်ကျေသူ ဖြစ်တယ်လို့ လုပ်ဖေါ်ကိုင်ဖက်တွေက ပြောကြပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင်လုပ်နေစဉ်မှာ သူ့အောက်လက်ငယ်သားတွေက မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချမှာ ပါဝင်ပါတ်သက်နေတာကြောင့် ဦးတီခွန်မြတ် မှာလည်း တာဝန်ရှိတယ်လို့ ရှမ်းသံတော်သတင်းဌာနက မူးယစ်ဆေးဝါး အစီရင်ခံစာမှာ ဖေါ်ပြခဲ့ဖူး ပါတယ်။

ဦးတီခွန်မြတ်ကတော့ မူးယစ်ဆေးဝါး ကိစ္စနဲ့ ဘာမှ မပတ်သက်ဖူးကြောင်း ငြင်းဆိုပါတယ်။

မြေသိမ်း ယာသိမ်းကိစ္စတွေမှာ ပါဝင်ခဲ့သူ အဖြစ်လည်း ပြောဆိုမှုတွေရှိနေတာနဲ့ ပတ်သက်လို့လည်း ဒီစွပ်စွဲချက်တွေ မဟုတ်မမှန်တဲ့အကြောင်း ဦးတီခွန်မြတ်က ပြောပါတယ်။

ကွတ်ခိုင်မြို့က ဒေသခံတစ်ယောက်ကတော့ ဦးတီခွန်မြတ် လွှတ်တော်အမတ် လုပ်ခဲ့တဲ့ ၅ နှစ် အတွင်းမှာ ဒေသအတွက် ထူးထူးခြားခြားလုပ်ပေးခဲ့တာ မရှိဘဲ မဲရွေးကာနီးမှာ လျှပ်စစ်မီး ရအောင် လုပ်ပေးခဲ့တာပဲ ရှိတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ