အထက်လွှတ်တော် ဒုဥက္ကဌ အဖြစ် အတင်မြှောက်ခံရရင် လက်ခံမယ်

  • 28 ဇန်နဝါရီ 2016
crpp
Image caption ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP အဖွဲ့ဝင် အဖြစ် NLD ခေါင်းဆာင် တွေ နဲ့ လက်တွဲ ခဲ့တဲ့ ဦးအေးသာအောင်။

အမျိုးသား လွှတ်တော် ဒုဥက္ကဌ အဖြစ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ကနေ အဆိုပြုမယ့် ရခိုင် အမျိုးသား ပါတီ ANP ရဲ့ ဗဟို ကော်မတီဝင် ဦးအေးသာအောင် က လွှတ်တော်သစ် ကျင်းပ တဲ့ အခါ NLD က အဆိုပြုပြီး လွှတ်တော် က သဘောတူ အတည်ပြုရင် အဲဒီ့ တာဝန် ကို ယူသွားမယ် လို့ ပြောပါတယ်။

ဒီ့အတွက် သူ့ရဲ့ မိခင်ပါတီ ANP အတွင်း ညှိနှိုင်းဖို့ လိုမယ် မထင်ကြောင်း ဦးအေးသာအောင် က ဆိုပါတယ်။

ရခိုင်ပြည် နယ် ဝန်ကြီးချုပ် နေရာ ကို ပြည်နယ်တွင်း မဲ အများဆုံး ရထားတဲ့ ANP က ရရှိသင့်ပြီး ပြည်နယ် အစိုးရ ကို ဦးဆောင် ဖွဲ့စည်း ခွင့် ရှိသင့် တယ် ဆိုပြီး မကြာ ခင် ကပဲ ANP ပါတီက စာထုတ် ထားပြီး အဲဒီ့ ကြေညာချက် ထဲမှာ တကယ်လို့ NLD သာ ပြည်နယ် အစိုးရ ကို ဦးဆောင် ဖွဲ့ရင် အတိုက်အခံ အနေနဲ့ ရပ်တည် သွားမယ် ဆိုပြီး တော့လည်း ထည့်သွင်း ထားပါတယ်။

အဲဒီ့ ထုတ်ပြန်ချက် နဲ့ ပတ်သက်ပြီး ဦးအေးသာအောင် ရဲ့ သဘောထား အမြင် ကို ဘီဘီစီ က မေးရာမှာတော့ နိုင်ငံရေး ပါတီ တစ်ခု အတိုက်အခံ အဖြစ် နေမယ် ဆိုတဲ့ အပေါ် ပြောစရာ မရှိ ပေမယ့် ပြင်းပြင်းထန်ထန် အသုံးအနှုံး တွေ အပေါ် သဘောမတူ တာတွေ ရှိတယ် လို့ ဆိုပါတယ်။

ANP ပါတီကို လက်ရှိ ဥက္ကဌ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ နဲ့ ဦးအေးသာအောင် ဦးဆောင်တဲ့ ရခိုင် ဒီမို ကရေစီ အဖွဲ့ချုပ် တို့ ၂၀၁၄ နှစ်ဆန်း မှာ ပေါင်းစည်း ဖွဲ့ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ လွှတ်တော် ရဲ့ နောက်ဆုံး အစည်းအဝေး ဇန်နဝါရီ ၂၉ ရက် သောကြာနေ့ မှာ ကျင်းပ မှာ ဖြစ်ပြီး လာမယ့် တနင်္လာ နေ့ ဖေဖေါ်ဝါရီ ၁ ရက် နေ့ မှာတော့ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲ မှာ အနိုင်ရခဲ့ သူတွေ နဲ့ လွှတ်တော် အသစ် စတင် တော့ မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ