ဥပဒေပြု အာဏာကို NLD လွှဲယူတဲ့နေ့ ရောက်လာပြီ

  • 31 ဇန်နဝါရီ 2016
_lower_house_myanmar
Image caption NLD ပါတီ အနေနဲ့ အာဏာ ၃ ရပ် ထဲက ဥပဒေ ပြု အာဏာ ကို စတင် လွှဲပြောင်း ရယူ တဲ့ နေ့ အဖြစ် ခေါ်ဆို နိုင်တယ်။

ဒီကနေ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ဟာ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် အမတ် တွေ နဲ့ ဖွဲ့စည်း ခေါ်ယူတဲ့ လွှတ်တော် ပထမဆုံး အကြိမ် စတင်မယ့် နေ့ရက် ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ကိုယ်စားလှယ် အများစု ပါဝင်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပ ကြမှာ ပါ။

ဒီကနေ့မှာ လွှတ်တော် စတင်တဲ့ အခါပြုလုပ် ကြစမြဲ လုပ်ထုံးလုပ်နည်းတွေ ဖြစ်တဲ့ သဘာပတိ တင်မြှောက်တာ၊ အမတ်တွေ ကတိ သစ္စာပြုတာ၊ တခါ ပြည်သူ့ လွှတ်တော် ဥက္ကဌ နဲ့ ဒုဥက္ကဌ တွေ တင်မြှောက် တာ၊ တင်မြှောက် ခံရတဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဌ က နှုတ်ခွန်းဆက် စကား ပြောတာ စတာ တွေ လုပ်ဆောင် ကြဖို့ ရှိနေပါတယ်။

NLD ပါတီ ဘက်က ဒီကနေ့ ဘယ်သူ့ကို သဘာပတိ အဖြစ် တင်မြှောက်ဖို့ လျာထားတယ်၊ ဘယ်သူတွေ ကို လွှတ်တော် ဥက္ကဌ နဲ့ ဒုဥက္ကဌ နေရာ တွေ အတွက် လျာ ထားတယ် ဆိုတဲ့ သတင်းတွေ လည်း ထွက်ပေါ် ခဲ့နှင့်ပြီး ဖြစ်ပါတယ်။

မွန်ပြည်နယ် က နေ ရွေးကောက် တင်မြှောက် ခံထားရတဲ့ NLD ပါတီ ရဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီ ဝင် စီအီးစီ တစ်ယောက် ဖြစ်တဲ့ ဒေါ်ခင်ဌေးကြွယ်ကို လွှတ်တော် သဘာပတိ အနေနဲ့ လျာထား သလို၊ ပြီးခဲ့တဲ့ သီတင်းပတ် တွေ ကတည်းက NLD ပါတီ ဘက်က ထုတ်ပြော လာခဲ့တဲ့ အတိုင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ အဖြစ် NLD ရဲ့ စီအီးစီ ဦးဝင်းမြင့်နဲ့ ဒုဥက္ကဌ အဖြစ် ကြံ့ခိုင်ရေး ပါတီက ဦးတီခွန်မြတ် တို့ကို လျာထား ထားပါတယ်။

လွှတ်တော် မှာ NLD ပါတီ က နေရာ အများစု ရရှိ ထားတာ ဖြစ်တဲ့ အတွက် NLD ပါတီ က အဆိုပြု မယ့် သူတွေ အသီးသီး တင်မြှောက် ခံရမယ်လို့ မျှော်လင့် ရပါတယ်။

ကျန်ခဲ့တဲ့ ၅ နှစ်သက်တမ်း က ပြည်သူ့ လွှတ်တော် ဥက္ကဌ ဖြစ်ခဲ့တဲ့ သူရ ဦးရွှေမန်း နဲ့ NLD နာယက ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦး တို့လည်း ဒီကနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေး ကို လေ့လာသူ တွေ အဖြစ် တက်ရောက် ဖို့ ရှိနေ ပါတယ်။

ဒီကနေ့ ဟာ ၂၀၁၅ ရွေးကောက်ပွဲ အပြီး အနိုင်ရ NLD ပါတီ အနေနဲ့ အာဏာ ၃ ရပ် ထဲက ဥပဒေ ပြု အာဏာ ကို စတင် လွှဲပြောင်း ရယူ တဲ့ နေ့ အဖြစ် ခေါ်ဆို နိုင်တယ် လို့ ဘီဘီစီ ရဲ့ နေပြည်တော် သတင်းက ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာ အမျိုးသား လွှတ်တော် ကို ပြည်သူ့ လွှတ်တော် စတင် ပြီး သီတင်း တစ်ပတ် အတွင်း ခေါ်ယူ ရမယ် လို့ ဆိုထားတဲ့ အတိုင်း လာမယ့် ရက်ပိုင်း အတွင်း အမျိုးသား လွှတ်တော်လည်း ကျင်းပ လာဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ