ဘိန်းခင်းဖျက်ဆီး သူတွေ မိုင်းထောင် တိုက်ခိုက်ခံရ

  • 1 ဖေဖော်ဝါရီ 2016
Image caption လုံခြုံရေး အခြေအနေတွေကြောင့် ဘိန်းခင်းဖျက်ဆီးမှု အပိုင်းမှာ နှောင့်နှေး နေရ

ကချင်ပြည်နယ် ပြည်သူ့ အခြေပြု မူးယစ် တိုက်ဖျက်ရေး အဖွဲ့ က ဘိန်းခင်းတွေကို ဖျက်ဆီး နေရာမှာ ဘိန်းခင်း စိုက်ပျိုးသူတွေ ဘက်က မိုင်းထောင် တိုက်ခိုက်မှု၊ ချောင်းမြောင်း ပစ်ခတ်မှုတွေကို လုပ်လာကြပါတယ်။

ဇန်နဝါရီ လက စတင်ပြီး ဘိန်းခင်းတွေကို ဖျက်ဆီးမှုတွေ ပြုလုပ်နေရာမှာ ဇန်နဝါရီလ ၁၈ ရက်နေ့တုန်းက တနိုင်းဘက်မှာ လူထု အခြေပြု အဖွဲ့က လူငယ် တစ်ဦး ဒေသလုပ် တူမီး သေနတ်နဲ့ ချောင်းမြောင်း ပစ်ခတ် ခံရလို့ သေဆုံး သွားခဲ့ပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကချင်ပြည်နယ် ဝိုင်းမော် ဘက်မှာလည်း ဘိန်းခင်း ဖျက်တဲ့ လူတွေ လာရာ လမ်းမှာ မိုင်းထောင် တိုက်ခိုက် ခံရလို့ လူ ၃ ဦးထက် မနည်း ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပါတယ်။

ဘိန်းခင်းဖျက်တဲ့ လူတစ်ထောင်ကျော် ကို အစိုးရက လုံခြုံရေး ပေးထားတဲ့ ကြားက မိုင်းထောင် တိုက်ခိုက် ခံရတာ ဖြစ်ပြီး လုံခြုံရေး လိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ ဝင်တွေရဲ့ စစ်ဆေး တွေ့ရှိချက် အရ အဝေးထိန်း ခလုတ် နဲ့ မိုင်း ကို ဖောက်ခွဲ ခဲ့တာလို့ မြစ်ကြီးနား လူထု မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ အတွင်းရေးမှူး ဦးတန်ဂွန်း က ဘီဘီစီ ကို ပြောပါတယ်။

အင်အားပြင်းတဲ့ မိုင်းတွေကို လက်နက်ကိုင် အဖွဲ့အစည်းတွေကပဲ ကိုင်နိုင်တာ ဖြစ်ပြီး ပုဂ္ဂလိက ဘိန်းခင်း ပိုင်ရှင်တွေက အခုလို လက်နက် မျိုးတွေ ကိုင်နိုင်မယ် မထင်ကြောင်း လူထု အခြေပြု မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ က ယူဆ နေပါတယ်။

ဘိန်းခင်းတွေကို သွားရောက် ဖျက်ဆီး နေရာမှာ ခရီးလမ်းပန်း ခက်ခဲ ကြမ်းတမ်း မှု နဲ့ လုံခြုံရေး အခြေအနေတွေကြောင့် ဖျက်ဆီးမှု အပိုင်းမှာ နှောင့်နှေး နေရပေမယ့် ရည်မှန်း ထားတဲ့ ဘိန်းခင်း ဖျက်ဆီး မှုတွေကို မဖြစ်မနေ ပြုလုပ်သွားမယ်လို့ လူထု အခြေပြု မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ