လွှတ်တော်လမ်းကြောင်း တစ်ခုတည်းနဲ့ ဖက်ဒရယ် နိုင်ငံ မရောက်နိုင်

  • 3 ဖေဖော်ဝါရီ 2016
Upper House Speaker
Image caption အမျိုးသား လွှတ်တော် ဥက္ကဋ္ဌသစ် ဖြစ်လာသူ ဦးမန်းဝင်းခိုင်သန်း

ဖေဖော်ဝါရီလ ၃ ရက်နေ့က စတင် ဖွင့်လှစ်လိုက်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ခံ ကိုယ်စားလှယ်တွေ လွှမ်းမိုးထားတဲ့ အမျိုးသား လွှတ်တော်သစ်မှာ လွှတ်တော် ဥက္ကဋ္ဌသစ် အဖြစ် တင်မြှောက်ခံခဲ့ရသူ ဦးမန်းဝင်းခိုင်သန်းက ချမ်းသာကြွယ်ဝတဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ ထူထောင်ဖို့ မလိုအပ်တဲ့ ဥပဒေတွေကို ဖျက်သိမ်းပြီး လိုအပ်တဲ့ ဥပဒေတွေကို ပြဌာန်းမယ်လို့ လွှတ်တော် အဖွင့် မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

ပြင်ဆင်ဖို့ လိုတဲ့ ဥပဒေတွေထဲမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် နည်းမကျတဲ့ ဥပဒေတွေ အများကြီး ပါတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အရင်ဆုံး ပြင်ဆင်တာ ဒါမှ မဟုတ် အသစ် ပြင်ဆင်ရေးတာမျိုးလို တစ်ခုခုတော့ လုပ်ဖို့ လိုတယ်လို့ ပအိုးဝ် လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ခေါင်းဆောင် တစ်ယောက် ဖြစ်သူ ဦးခွန်ဥက္ကာက ပြောပါတယ်။

ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရေး အထောက်အကူဖြစ်စေတဲ့ ဥပဒေတွေကို ပြဌာန်းမယ် ဆိုရင် အဲဒါတွေက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မလွဲမသွေ ဆန့်ကျင်မှာ အမှန်ပဲလို့ ဦးခွန်ဥက္ကာက ပြောပါတယ်။

အခု လက်ရှိ အခုခြေခံ ဥပဒေရဲ့ ကျောရိုးက တပ်မတော် ဖြစ်ပြီး အမျိုးသား နိုင်ငံရေးမှာ တပ်မတော် ပါရမယ်၊ ရွေးကောက်ဖို့ မလိုဘဲ ဥပဒေပြုရေးမှာ ၂၅ ရာခိုင်နှုန်း ရှိရမယ်၊ တိုင်းပြည်မှာ အဓိက အရေးကြီးတဲ့ ဝန်ကြီး ဌာန သုံးခုကို တပ်မတော်က ခန့်အပ်ရမယ် ဆိုတာတွေရှိနေလို့ ဖွဲ့စည်းပုံကို မပြင်ဘဲ မရနိုင်ဘူးလို့ သူက ဆိုပါတယ်။

ဒါကြောင့် တပ်မတော်ရဲ့ အခန်း ကဏ္ဍကို ဘယ်လောက် အထိ ဖြေလျှော့မလဲ ဆိုတာအပေါ်မူတည်တယ်လို့ လည်းသူက ပြောပါတယ်။

အခု လွှတ်တော် သက်တမ်း ငါးနှစ် အတွင်းမှာတော့ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိရောက်တဲ့ ပြင်ဆင်မှုမျိုး လုပ်နိုင်တဲ့ လမ်းကြောင်းပေါ်လာဖို့က လွှတ်တော်တွင်းမှာ ပိုခက်နိုင်ပြီး လွှတ်တော် ပြင်ပ လမ်းကြောင်းကသာ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်လို့ ဦးခွန်ဥက္ကာက ပြောပါတယ်။

လွှတ်တော်တွင်း လွှတ်တော်ပ လမ်းကြောင်း နှစ်ခုစလုံးကနေ ကြိုးစားမှသာ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်နိုင်မယ်လို့ လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ