အမျိုးသားလွှတ်တော်သစ် စတင်

  • 3 ဖေဖော်ဝါရီ 2016

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကြီးစိုးတဲ့ ဒုတိယ အကြိမ် အမျိုးသား လွှတ်တော် အစည်း အဝေးတွေ ကို ဗုဒ္ဓဟူးနေ့မှာ စတင်လိုက် ပါပြီ။

ဒုတိယ အကြိမ် အမျိုးသား လွှတ်တော်ရဲ့ ပထမအနေ့ အစည်း အဝေးကို NLD ပါတီက ချင်းတိုင်းရင်း ဦးဇုံလယ်ထန်းက သဘာပတိ အဖြစ် ဆောင်ရွက်ပြီး ဥက္ကဌနဲ့ ဒုဥက္ကဌ တွေ ရွေးချယ် ပေးခဲ့ ပါတယ်။

NLD ပါတီက ကရင် ပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၈ က အာဇာနည် ခေါင်းဆောင် မန်းဘခိုင်ရဲ့ မြေး ဖြစ်သူ ဦးမန်းဝင်းခိုင်သန်း အား ဥက္ကဌ အဖြစ် အဆိုပြုခဲ့ပြီး ဒုဥက္ကဌ အဖြစ် ရခိုင် အမျိုးသား ပါတီက ဦးအေးသာအောင်ကို အဆိုပြု ခဲ့ပါတယ်။

NLD ပါတီက အဆို ပြုခဲ့ သူတွေကို တပ်မတော် သား ကိုယ်စားလှယ် အပါ အဝင် အခြား ပါတီတွေက ကန့်ကွက်သူ မရှိပဲ အတည်ပြု နိုင်ခဲ့ပါတယ်။

ပြည်သူ့ ကိုယ်စားလှယ် တွေက ရွေးချယ်တဲ့ အမျိုးသား လွှတ်တော် ဥက္ကဌ သစ်က ပြောကြားတဲ့ မိန့်ခွန်း မှာတော့ ဖက်ဒရယ် ပြည်ထောင်စုနဲ့ ပတ်သက်ပြီး အလေးထား ပြောသွားခဲ့ ပါတယ်။

ဖယ်ကဒရယ် ပြည်ထောင်စု ဖြစ်လာဖို့ ငြိမ်းချမ်းရေး ရရှိဖို့ တရား ဥပဒေ စိုးမိုးမူ ရှိဖို့ လိုကြောင်း ဥက္ကဌက ပြောပါတယ်။ ဖက်ဒရယ် ပြည်ထောင်စု အတွက် လိုအပ်တဲ့ ဥပဒေတွေကို ပြဌာန်းမှာ ဖြစ်သလို မလိုအပ်တဲ့ ဥပဒေတွေကိုလည်း ပြင်ဆင် ဖျက်သိမ်း တာတွေ လုပ်မယ်လို့ ပြောပါတယ်။

ဒါ့အပြင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ လူမျိုးစွဲ ဘာသာစွဲ ပါတီစွဲ ပုဂ္ဂိုလ်စွဲ မထားပဲ ပူးပေါင်း ဆောင်ရွက် ပေးကြဖို့လဲ ဥက္ကဌသစ် က မေတ္တာ ရပ်ခံခဲ့ပါတယ်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တွေကို ပြည်နယ်နဲ့တိုင်း တစ်ခုစီက ကိုယ်စားလှယ် ၁၂ ဦးစီ ရွေးကောက် တင်မြှောက်ရတဲ့ အတွက် လူမျိုးစု လွှတ်တော် လို့လည်း ခေါ်ဆိုကြပါတယ်။

လူမျိုးစု လွှတ်တော် ဖြစ်တဲ့ အလျောက် NLD ပါတီက အများစု အနိုင် ရရှိထား ပေမဲ့ တက်ရောက် လာတဲ့ ကိုယ် စားလှယ်တွေ ကတော့ ကရင် ကချင် နဲ့ ချင်း တိုင်းရင်းသား ဝတ်ဆုံ တွေကို ဝတ်ဆင် လာကြ ပါတယ်။

တက်ရောက်လာတဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တွေမှာ ကြံခိုင်ဖွံဖြိုးရေး ပါတီက ကိုယ် စားလှယ်တွေ လည်း ပါဝင် ပါတယ်။ ပထမ အကြိမ် အမျိုးသား လွှတ်တော်ကို လွှမ်းမိုး ခဲ့တဲ့ ကြံခိုင်ဖွံဖြိုးရေး ပါတီ ကိုယ်စားလှယ် အနေနဲ့ ဒုတိယ အကြိမ် အမျိုးသား လွှတ်တော်မှာ နိုင်ငံ ဖွံ့ဖြိုးရေး အတွက်ဆို ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ ကြံခိုင်ရေး ပါတီ ကိုယ်စားလှယ် ဦးကျော်သိန်းက ဆိုပါတယ်။

တိုင်းရင်းသား ကိုယ်စားလှယ်တွေ ကတော့ ဖွံဖြိုးမူ နောက်ကျနေတဲ့ သူတို့ ဒေသတွေရဲ့ လမ်းပန်းဆက်သွယ် ရေး ပညာရေး ကျန်းမာရေးတို့ကို ဆောင်ရွက်ဖို့ အားခဲ ထားကြတယ်လို့ ဆိုပါတယ်။

ဒုတိယ အကြိမ် အမျိုးသား လွှတ်တော်ကို NLD ပါတီက ဦးဆောင်မှာ ဖြစ်ပေမယ့် တိုင်းပြည် အတွက် အရေး ပါတဲ့ ဥပဒေတွေ ပြင်ဆင် ဆောင်ရွက် ရာမှာတော့ စိန်ခေါ်မူ များစွာ ကြုံရနိုင် တယ်လို့ NLD ပါတီ ပဲခူးတိုင်း ဒေသကြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦးက ပြောပါတယ်။

အမျိုးသား လွှတ်တော် ဥက္ကဌဟာ ပြည်ထောင်စု လွှတ်တော် နာယက အဖြစ် လပေါင်း ၃၀ တာဝန်ယူ ရမှာ ဖြစ်တဲ့ အတွက် အရေးကြီးတဲ့ တာဝန်တွေ ထမ်းဆောင် ရတော့မှာ ဖြစ်ပါ တယ်။