လွှတ်တော်နှစ်ရပ်မှာ ကော်မတီတွေ စဖွဲ့

  • 4 ဖေဖော်ဝါရီ 2016
Burma Parliament
Image caption လွှတ်တော် ရေးရာ ကော်မတီတွေမှာ NLD အမတ်တွေ ဦးဆောင်ပါဝင်

ဖေဖော်ဝါရီ ၄ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် နှစ်ရပ် စလုံးမှာ ဥပဒေကြမ်း ကော်မတီနဲ့ ငွေစာရင်း ကော်မတီတို့ကို ဖွဲ့စည်းလိုက် ပါတယ်။

အဖွဲ့ဝင် ၁၅ ဦးစီနဲ့ စတင် ဖွဲ့စည်းလိုက်တဲ့ ကော်မတီတွေမှာ အမျိုးသား လွှတ်တော် ဘက်က ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌအဖြစ် စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၆ က ဦးဇော်မင်း ၊ အတွင်းရေးမှုး အဖြစ် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၉ က ဒေါက်တာမြတ်ဉာဏစိုး တို့ကို တာဝန်ပေးလိုက်ပါတယ်။

ပြည်သူ့ လွှတ်တော် မှာတော့ နောင်ချို မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကိုယ်စားလှယ် ဦးထွန်းထွန်ဟိန်က ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဖြစ်ပြီး ကျိုင်းတုံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ USDP က ဦးစတီဖန်က အတွင်းရေးမှူး အဖြစ် တာဝန်ပေးခြင်းခံရပါတယ်။

ဦးထွန်းထွန်းဟိန်က ဖွဲစည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဟာ ဦးစားပေး ဖြစ်တယ် လို့ပြောဆိုပြီး အဲဒီထဲက ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ရေးကို အဟန့်အတား ဖြစ်နေတဲ့ အခြေခံ ဥပဒေပုဒ်မ ၅၉ စ နဲ့ ပတ်သက်လို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံမှာ နိုင်ငံသား အမျိုးအစား အမျိုးမျိုး ဖြစ်နေတာ တွေကို တစ်မျိုးတည်း ဖြစ်အောင် စဉ်းစား ဆောင်ရွက်ရမယ်လို့ ပြောပါတယ်။

အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်း ကတော့ အခြေခံ ဥပဒေ ပြင်ဆင်ရေး အပြင် တခြား ဥပဒေတွေ ကိုလည်း ပြင်ဖို့လိုတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဝန်ကြီးဌာန အသုံးစားရိတ်တွေကို စိစစ်မယ့် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော် ပြည်သူ့ ငွေစာရင်း ကော်မတီကိုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အမတ်တွေ အများစု ပါဝင်တဲ့ အဖွဲ့ဝင် ၁၅ ဦး စီနဲ့ တစ်နေ့တည်းမှာပဲ ဖွဲ့စည်းခဲ့ ပါတယ်။

လာမယ့် ရက်တွေမှာလည်း အစိုးရ ကတိ ကဝတ် စောင့်ကြည့်ရေးနဲ့ လွှက်တော် အခွင့်အရေးကော်မတီ တို့ကို ဖွဲစည်းဖို့ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ