ဦးရွှေမန်း ကော်မရှင် ရာထူးသစ် အရေးကြီး

  • 5 ဖေဖော်ဝါရီ 2016
mann ဓာတ်ပုံ မူပိုင် Reuters
Image caption အရေးပါတဲ့ ကော်မရှင် တနေရာ ဦးရွှေမန်းကို ပေး

ယခင် လွှတ်တော်ဥက္ကဋ္ဌ ဟောင်း သူရ ဦးရွှေမန်း ကို ဥပဒေ ရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဌ အဖြစ် သောကြာနေ့မှာ ခန့်အပ် လိုက်ပါတယ် ။

ဒီကော်မရှင် ဟာ လွှတ်တော် ပေါ်မှာ ဩဇာညောင်းတဲ့ ကော်မရှင် တခု ဖြစ်လာဖို့ ရှိတယ်လို့ တိုင်းရင်း သား လွှတ်တော် ကိုယ်စားလှယ် တချို့က ပြောပါတယ် ။

ဒီနေရာကို ဦးရွှေမန်း ပေးလိုက်တာ ဟာ ဦးရွှေမန်း သမ္မတ ဖြစ် နိုင်တယ် ဆိုတဲ့ သတင်းတွေ က အဆုံးသတ်ပြီ လို့ ပြောလို့ရပါတယ် ။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကို အကြံပေးမယ့် အရေးပါတဲ့ ကော်မရှင် တနေရာမှာ ဦးရွှေမန်းကို ပေးလိုက်တာ ဖြစ်ပါတယ် ။

ဒီ ကော်မရှင် ဖွဲ့ ပြီး အုပ်ချုပ်ရေး အတွေ့အကြုံ ရှိသူတွေကို နေရာပေး ဖွဲ့စည်း ခဲ့တာဟာ နောက်ကနေ ညွှန်ကြား ချုပ်ကိုင် သွားမယ့်ပုံ ရှိတယ် လို့ ရခိုင် အမျိုးသား ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစော က ပြောသွား ပါတယ် ။

သူရဦးရွှေမန်း ဦးဆောင်တဲ့ ကော်မရှင်ဟာ တည်ဆဲ ဥပဒေ တွေကို လေ့လာ ဆန်းစစ်ပြီး ပြင်ဆင်ပယ်ဖျက်တာတွေ လုပ် နိုင်သလို ဥက္ကဋ္ဌ ကိုလည်း အကြံညဏ်တွေ ပေးနိုင်ပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် ဘက်ကို ပိုပြီး လုံခြုံအောင် လည်း လုပ်လိုက်တာ ဖြစ်ပေမယ့် ဒီရာထူး လက်ခံ ပြီး ကော်မရှင် ဥက္တဋ္ဌ ဦးရွှေမန်း က ကော်မရှင် ဥက္ကဋ္ဌ တာဝန်အား လစာငွေ ရယူခြင်း မပြုဘဲ လက်ခံ ဆောင်ရွက် ပါမယ် လို့ အကြောင်းပြန်ခဲ့ ပါတယ် ။

ဦးရွှေမန်း အခုလို လစာ မယူတာဟာ လည်း ကော်မရှင် ရဲ့ သက်ရောက်မှု အားနည်း စေနိုင်တယ် ဆိုတဲ့ သုံးသပ်မှု တွေရှိပါတယ် ။

သူ့ကို ဒီနေရာပေး လိုက်တာဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး မှာ အထောက်အကူ ပို ဖြစ်လာနိုင်ပါတယ် ။

အခု တခေါက် လွှတ်တော် ကိုယ်စားလှယ် တော်တော် များများဟာ လွှတ်တော် အတွေ့ကြုံ မရှိတဲ့ လူသစ်တွေ များတာ ကြောင့် ဦးရွှေမန်း နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဟာ လွှတ်တော်က ဖွဲ့စည်း လိုက်တဲ့ ကော်မတီ တွေ ပေါ်မှာ နောက်က လွှမ်းမိုး ချုပ်ကိုင် တာ မလုပ်ဘဲ လွှတ်တော် ကော်မတီ တွေကို ပြည့်ပြည့်ဝဝ လုပ်ကိုင် ခွင့်ပေး ပြီး မျှမျှတတ လုပ်ကိုင် ဖို့ လိုတယ် လို့ လွှတ်တော် တွင်းက တိုင်းရင်းသား ပါတီ ကိုယ်စားလှယ် တွေ က ပြောပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ