ပြည်သူ့လွှတ်တော်အသစ်မှာ တာ၀န်သစ်နဲ့ သူရဦးရွှေမန်း

  • 5 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် Thura U Shwe Mann FB
Image caption ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဌ သူရဦးရွှေမန်း

ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဌ အဖြစ်သူရဦးရွှေမန်းနဲ့ ဒုဥက္ကဌ အဖြစ် ဦးကိုကို နိုင်တို့ကို တာဝန်ပေးကြာင်း ပြည်သူ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ဖေဖေါ်ဝါရီ ၅ ရက်နေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကြေညာခဲ့ပါတယ်။

သူရဦးရွှေမန်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဖွဲ့စည်းမယ့် အစိုးရအဖွဲ့မှာ သမ္မတထိ ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေခဲ့ကြတာပါ။

ဒါကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဌ တာဝန်ယူခဲ့တဲ့ သူရဦးရွှေမန်းကို အခုလို လွှတ်တော်ကော်မရှင်တစ်ခုရဲ့ ဥက္ကဌ တာဝန်ပေးလိမ့်မယ်လို့ မျှော်လင့်မထားတဲ့အတွက် ဒီသတင်း ပေါ်ထွက်လာတဲ့ အခါမှာ လူအများက အတော်လေးကိုအံသြသွားကြပါတယ်။

ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဌ ဖြစ်လာတဲ့အတွက် သူရဦးရွှေမန်းက ခေတ်စနစ်နဲ့ မညီတဲ့ဥပဒေတွေကို ပြင်ဆင် ပယ်ဖျက်ဖို့ အဓိက လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ဥပဒေ ပြင်ဆင်ပယ်ဖျက်ရေး လုပ်ထုံးလုပ်နည်းတွေအရ တည်ဆဲဥပဒေတွေကို ပြင်ဆင်ပယ်ဖျက် ပြဋ္ဌာန်းဖို့က ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ အညီ ပြုလုပ်ရတာ ဖြစ်တဲ့အတွက် ခေတ်စနစ်နဲ့ မညီတဲ့ ဥပဒေပြင်ဆင် ပယ်ဖျက်ရေးကို အလွယ်တကူနဲ့ ပြုလုပ်လို့ မရပါဘူး။

ကြံ့ခိုင်ဖွံဖြိုးရေးပါတီ လွှမ်းမိုးခဲ့တဲ့ ပထမလွှတ်တော် သက်တမ်းမှာ တချို့ ဥပဒေတွေကို ပြင်ဆင်ဖျက်သိမ်းဖို့ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေအားလုံးရဲ့ ထောက်ခံမှု ရရှိခဲ့ပေမယ့် ပြင်လို့မရတာတွေ ရှိခဲ့ပါတယ်။

သို့သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ရင်းနှီးသူ ဦးရွှေမန်းက ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာ သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ တာဝန်ကို လစာမယူဘဲ ဆောင်ရွက်ပေးဖို့ သဘောတူလိုက်တာကို ကြည့်ရင် အဖွဲ့ဝင် ဥပဒေပညာရှင်တွေနဲ့ အငြိမ်းစား တပ်မတော် အရာရှိဟောင်းတွေ အများစု ပါဝင်တဲ့ အဖွဲ့ဝင် ၂၃ဦး ကော်မရှင်ကနေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အလိုရှိတဲ့ ဥပဒေတွေ ပြင်ဆင် ပြဋ္ဌာန်းပေးနိုင်မယ်လို့ မျှော်လင့်နေကြောင်း ယူဆရပါတယ်။