NLD လျာထား လွှတ်တော်ဥက္ကဌ စာရင်းထွက်လာ

  • 6 ဖေဖော်ဝါရီ 2016
NLD MPs
Image caption NLD က ဒေသအသီးသီးက ကိုယ်စားလှယ်တွေကို ခေါ်ယူသင်တန်းပေးခဲ့

ဖေဖေါ်ဝါရီလ ၈ ရက်နေ့မှာ စတင် ကျင်းပဖို့ ရှိနေတဲ့ ပြည်နယ် နဲ့တိုင်းဒေသကြီး လွှတ်တော် အသီးသီးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဲန်အယ်ဒီက ရွေးချယ် လျာထား ထားတယ် ဆိုတဲ့ လွှတ်တော် ဥက္ကဌနဲ့ ဒုတိယဥက္ကဌ အမည်စာရင်း တစ်ခု လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ ထွက်လာ ခဲ့ပါတယ်။

အဲဒီစာရင်းမှာ ရခိုင်နဲ့ ရှမ်းပြည်နယ် တွေကလွဲပြီး တခြားဒေသတွေ အတွက် လွှတ်တော် ဥက္ကဌနဲ့ ဒုတိယဥက္ကဌ ဆိုတဲ့ သူများ အမည်တွေ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က နေပြည်တော်မှာ တိုင်းနဲ့ပြည်နယ် အသီးသီးက ရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ်တွေကို သင်တန်းပေး အပြီးမှာ ပိတ်ထားတဲ့ စာအိတ် တစ်အိတ်စီ ပေးလိုက်ပြီး ၈ ရက်နေ့မှ ဖွင့်ကြည့်ဖို့ ဗဟိုက မှာကြား လိုက်တယ်လို့ သိရပါတယ်။ အခုစာရင်းကလည်း ဒီစာအိတ်ကို ကြိုဖွင့်လိုက်သူတစ်ဦးဦးဆီက ထွက်လာတယ်လို့ ယူဆစရာ ရှိနေပါတယ်။ အဲန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်ကတော့ အခုလို စောပြီးထွက်လာတဲ့ စာရင်းနဲ့ ပတ်သက်လို့ သူ့အနေနဲ့ မှတ်ချက်မပေးလိုကြောင်း ပြောပါတယ်။ ဒီအထဲက ချင်းပြည်နယ် လွှတ်တော် ဥက္ကဌအဖြစ် အမည်စာရင်း ထွက်လာတဲ့ ဟားခါးမြို့က အဲန်အယ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးဇိုဘွဲက သူ့ကို မူလက ချင်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် လျာထားကြောင်း ပြောခဲ့ပြီး အခုလို ပြောင်းလဲ သွားတာနဲ့ ပတ်သက်လို့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ် မေးမြန်းထားကြောင်း ဘီဘီစီကို ပြောပါတယ်။

Image caption ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ လျာထားခံရသူလို့ အမည်ထွက်သူ ဦးဇိုဘွဲ

သူတို့ကို ပါတီက ပေးလိုက်တဲ့ စာအိတ်ကို လူစုံချိန်မှာ ဖွင့်ကြည့်နိုင်တယ်လို့ ပြောထား တာကြောင့် လူစုံရှိမယ့် ဖေဖေါ်ဝါရီ ၇ ရက် တနင်္ဂနွေန့မှာ စာအိတ်ကို ဖွင့်ဖောက်ကြည့်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ရခိုင်နဲ့ ရှမ်းပြည်နယ်တွေက လွှတ်တော် ဥက္ကဌအမည်စာရင်း မထွက်လာသေးတာနဲ့ ပတ်သက်လို့တော့ အဲဒီဒေသတွေမှာ တိုင်းရင်းသားပါတီ တွေကလည်း အများအပြား အနိုင်ရထား တာကြောင့် သူတို့အတွက် ချန်ထားတာ ဖြစ်နိုင်တယ်လို့ သူယူဆကြောင်း ဦးဇိုဘွဲက ပြောပါတယ်။