မြန်မာနိုင်ငံနဲ့ မြေငလျင် အန္တရာယ်

  • 7 ဖေဖော်ဝါရီ 2016
Image caption မြန်မာနိုင်ငံမှာ ပြတ်ရွေ့ကြောတွေရှိနေလို့ ငလျင် အန္တရာယ်များ

စစ်ကိုင်းပြတ်ရွေ့ပေါ်မှာ ရှိနေတဲ့ မြို့တွေမှာ ငလျင်လှုပ်လာခဲ့ရင် ထိခိုက်နိုင်ခြေများ နိုင်တာမို့ မြန်မာနိုင်ငံမြေငလျင်အသင်းနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းဖြစ်တဲ့ UN-Habitat တို့က မြို့ကြီးတွေမှာ အသိပညာပေးတာတွေ ခပ်စိပ်စိပ်လုပ်လာနေပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကိုင်းပြတ်ရွေ့အပါအဝင် ပြတ်ရွေ့ အတော်တော်များများရှိနေတဲ့ အတွက် ငလျင် အန္တရာယ်များတဲ့ နိုင်ငံလို့ ပြောလို့ရနိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင် အသင်း အတွင်းရေးမှူး ဦးစောထွေးဇော်က ဘီဘီစီကို ပြောပါတယ်။

စစ်ကိုင်းပြတ်ရွေ့ဟာ ရန်ကုန်၊ ပဲခူး၊ နေပြည်တော်၊ မန္တလေး၊စစ်ကိုင်းနဲ့ မြစ်ကြီးနားစတဲ့ မြို့ကြီး အတော်များများကို ဖြတ်သွားတာကြောင့် အဲဒီမြို့ကြီးတွေမှာ မြေငလျင်အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။

အင်အားစစ်ကိုင်းပြတ်ရွေ့နဲ့ ပတ်သက်လို့ နောက်ဆုံး အင်အားအများဆုံးလှုပ်ခဲ့တဲ့ ငလျင်က ၂၀၁၂ ခုနှစ် သပိတ်ကျင်းမှာ လှုပ်ခဲ့တဲ့ ငလျင်ဖြစ်တယ်လို့ ဆိုပါတယ်။

ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အဦးတွေ ဘယ်လိုဆောက်လုပ်သင့်သလဲ ဆိုတာနဲ့ ပတ်သက်လို့ အခု မြန်မာနိုင်ငံမှာ MNBC Myanmar National Building Code ဆိုတဲ့ စံစနစ် တရပ်လုပ်ထာပြီးဖြစ်လို့ ဒီစနစ်ကိုစသုံးပြီး ဆောက်ကြဖို့ သူတို့အနေနဲ့ ဆော်သြနေတယ်လို့ ဦးစောထွေးဇော်က ပြောပါတယ်။

ငလျင်အန္တရာယ်နဲ့ ပတ်သက်လို့ ကြိုတင်ပြင်ဆင်ထားဖို့ဆိုရင် ကိုယ်နေတဲ့နေရာက ဘယ်လောက်ငလျင်လှုပ်နိုင်ခြေရှိလဲ၊ ကိုယ်ရှိတဲ့ အဆောက်အဦးက ဘယ်လို အဆောက်အဦးမျိုးလဲ အထပ်မြင့်လား နိမ့်သလား စတာတွေကို သိနေဖို့ လိုတယ်။

ငလျင်လှုပ်တာနဲ့ အနီးအနားက ဘေးကင်းလုံခြုံရာကို သွားပြီး ဝပ်လိုက်ပါ၊

ခေါင်းငုံ့ပြီး ကိုယ့်ကိုကိုယ် ကာကွယ်ထားပါ၊

အနားမှာရှိတဲ့ မြဲမြံတဲ့ အရာကို အသအေချာကိုင်ထားပါလို့ ဆိုပါတယ်။

ဒါတွေကို အလေ့အကျင့်ဖြစ်အောင် လေ့ကျင့်ထားဖို့လဲ လိုပြီး နိုင်ငံနဲ့ချီ လေ့ကျင့်တာမျိုး လုပ်ဖို့လိုတယ်လို့ မြန်မာနိုင်ငံမြေငလျင်အသင်း အတွင်းရေးမှူး ဦးစောထွေးဇော်က ပြောပါတယ်။