မတ်လ ၁၇ မှာ သမ္မတနဲ့ ဒုသမ္မတ အမည်စာရင်း တင်မယ်

  • 8 ဖေဖော်ဝါရီ 2016
U Mann Win King Than ဓာတ်ပုံ မူပိုင် AP
Image caption ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း

မြန်မာ နိုင်ငံမှာ ရွေးကောက်ခံ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ အများစု ပါဝင်တဲ့ ပြည်ထောင်စု လွှတ်တော်နဲ့ ပြည်နယ်နဲ့ တိုင်းလွှတ်တော် အသီးသီးကို ဖေဖော်ဝါရီလ ၈ ရက် တနင်္လာနေ့က စတင် ကျင်းပခဲ့ကြ ပါတယ်။

ပြည်ထောင်စု လွှတ်တော် အစည်း အဝေးမှာ သမ္မတနဲ့ ဒုတိယ သမ္မတ အမည်စာရင်းတွေ တင်သွင်းရမယ့် ရက်ကို လာမယ့် မတ်လ ၁၇ ရက်နေ့ သတ်မှတ် လိုက်ကြောင်း လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာခဲ့ ပါတယ်။

မတ်လလယ်မှ သမ္မတ ရွေးချယ်ရေး ရက်ကို သတ်မှတ်ရတာက အဲဒီရက်မှ လုပ်ဖို့ လိုတယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက ရဲ့ အမြော်အမြင်အရ ရွေးချယ်တာ ဖြစ်တယ်လို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

အခုလို မတ်လလယ်မှ သမ္မတ ရွေးဖို့သတ်မှတ်ရတာဟာ ဒေါ်အောင်ဆန်း စုကြည်သမ္မတဖြစ်ရေးနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ NLD ပါတီ ကြားမှာ ညှိနှိုင်းနေတာတွေ မပြတ် သေးလို့ ဖြစ်နိုင် တယ်လို့လည်း လေ့လာသူတွေက ပြောနေပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ အစုအဖွဲ့၊ ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ အစုအဖွဲ့၊ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် နှစ်ရပ်ပေါင်း တပ်မတော်သား အစု အဖွဲ့တို့က ဒုတိယ သမ္မတ တစ်ယောက်စီကို တင်မြှောက်ရမှာ ဖြစ်ပါတယ်။

အဲဒီ ဒုတိယ သမ္မတ ၃ ယောက်ထဲက မှ တစ်ယောက်ကို သမ္မတ အဖြစ် ပြည်ထောင်စု လွှတ်တော်က ပြန်လည် ရွေးချယ်မှာဖြစ်ပါတယ်။

ပြည်ထောင်စု လွှတ်တော်ကို သမ္မတက ပေးပို့တဲ့ သဝဏ်လွှာမှာလည်း ဥပဒေပြုရေးဆိုင်ရာ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ ပြည်ထောင်စု လွှတ်တော်ဟာ ဥပဒေတွေကို ပြင်ဆင်ပြဌာန်း ရုပ်သိမ်းဖို့ ဆောင်ရွက်တဲ့အခါ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိန်း ကာကွယ်စောင့် ရှောက်မယ်လို့ ကတိသစ္စာ ပြုထားတဲ့ အတိုင်း အလေးထား ဆောင်ရွက်မယ်လို့ မျှော်လင့် မိကြောင်း ပါရှိတဲ့အတွက် ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ရေး ဆောင်ရွက်ရာမှာ အခက်အခဲတွေ ရှိနိုင် တယ်လို့ ခန့်မှန်းနေကြပါတယ်။

မြန်မာ့ နိုင်ငံ ရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ရေး အဟန့်အတား ဖြစ်နေတဲ့ ပုဒ်မ ၅၉ စ ကို ပြင်ဆင် နိုင်ရေးထက် ဆိုင်းငံ့ရေးက ပိုမို ဖြစ်နိုင်ပြီး အဲဒီ ကိစ္စကို NLD နဲ့ တပ်မတော်ကြား အတော် ညှိနှိုင်းရလိမ့်မယ်လို့ သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ