မီးဘေးသင့်နမ့်ဆန် အတွက် မြို့သစ်ပုံစံ လို

  • 9 ဖေဖော်ဝါရီ 2016
_burnt_house
Image caption မီးသင့်အိမ်

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ က ရှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့ မှာ မီးလောင်ခဲ့တဲ့ တမြို့လုံး လိုလို မီးထဲ ပါသွား တာ ကြောင့် မြို့လူထု အနေနဲ့ နိုင်ငံတော် အစိုးရ က ကြီးကြပ် ပြီး ပညာရှင် တွေ အကူအညီ နဲ့ စနစ်တကျ မြို့ပုံစံ ကို လိုလားနေကြပါတယ်။ အစိုးရ ထံ ကိုလည်း အကူအညီ တောင်းထားတဲ့ အကြောင်း နမ့်ဆန်မှ အုပ်ချုပ်ရေး တာဝန်ခံ ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီး အဖွဲ့ ဥက္ကဌ ဦးမောင်ကျော် က ဘီဘီစီ ကို ပြောပါတယ်။

အစိုးရ ရဲ့ အစီအစဉ် ကို မသိရသေးပေမဲ့ ဖြစ်နိုင်ရင် ဂျပန်နိုင်ငံ မှ အကူအညီ ရရှိရေး လည်း တောင်းခံထားပါတယ်။ လက်ရှိ အနေအထား အရတော့ အစိုးရ ရော အလှူရှင် တွေ ကပါ အိမ်ဆောက်ပစ္စည်းတွေ၊ အိမ်မြေ ကို လာရောက်လှူဒါန်းမှု ပြုနေကြပါတယ်။

နိုင်ငံတော် သမ္မတ ထံမှ မီးလောင် ပြီးခါစ မှာ ဆန်အိတ် တထောင် နဲ့ ငွေကျပ် သိန်း တထောင်၊ ကျောင်းသားတွေ အတွက် ကျပ်ငွေ တသိန်းစီ ပေး ကြောင်း ဦးမောင်ကျော် က ပြောပါတယ်။ မြို့လူထု အနေနဲ့ မြို့ပြစီမံကိန်း ကို စနစ် တကျ ပြန်လည် ထူထောင်ပေးစေချင်တဲ့ အကြောင်းရင်း က မီးလောင်တဲ့ နေ့ က ၁၅ နာရီ ကြာ လောင်ခဲ့တဲ့ အတွက် မြို့ထိပ် ကနေ မြို့ပြင် အထိ လမ်းကလည်း တလမ်းတည်းသာ ရှိတဲ့ အကြောင်း၊ ကွင်းသွားလို့ ရတဲ့ လမ်းမျိုး လုံးဝ မရှိတဲ့ အတွက် လမ်းက ကျဉ်းပြီး ကားနှစ်စီး ပင် မရှောင်သာပါဘူး။

ဒါကြောင့်မို့ မီးငြိမ်းသတ်ရေးမှာ မီးသတ်ကား ဝင်ဖို့ အခက်အခဲရှိတဲ့ အတွက် မီးလုံးကြီးလာချိန် မှာ ငြိမ်းသတ် လို့ မရတော့ တဲ့ အခြေအနေ ဖြစ်လာပုံ၊ တကယ် လို့သာ လမ်းကျယ်ပြီး မီးသတ်ကား တွေ ဝင်နိုင်ခဲ့ရင် မီးသတ်ကား လေးစီး၊ ငါးစီး နဲ့ မီးကို နိုင်အောင် ငြိမ်းသတ်နိုင်မဲ့ အကြောင်း တွေ ရှင်းပြပါတယ်။

တဖက် မှာလည်း မြို့ကို စနစ်တကျ ပြန်တည်ဖို့ စီစဉ်ရင် တချို့ မြို့လူထု အနေနဲ့ သူတို့ရဲ့ မြေယာ တွေ ဆုံးရှုံးနိုင်မဲ့ အပိုင်းလည်း ရှိတဲ့ အတွက် မြို့ အကျယ်အဝန်း တိုးချဲ့ ဖို့ လိုတဲ့ အကြောင်း၊တောင်နံရံ နဲ့ ကပ်နေတဲ့ အိမ်တွေ အတွက် ဆိုရင် တောင် ကမ္ဘားယံ ကို ဖြိုချပြီး အိမ်မြေ အတွက် ရော၊ လမ်းချဲ့ ဖို့ပါ လုပ်ရမဲ့ အနေအထား လို့ ဦးမောင်ကျော် က ပြောပါတယ်။

လက်ရှိ အနေအထားအရ တော့ မီးလောင်ပြင်တွေ ရှင်းလင်းနေသလို၊ မီးကြွင်းမီးကျန် ငြိမ်းသတ်ခြင်း၊ မီးဘေး ဒုက္ခသည်တွေ အတွက် ယာယီတဲတွေ ထိုးပေးနိုင်ရန် အိမ်ဆောက်ပစ္စည်းနဲ့ သွပ်မိုး၊ လုပ်အားပေးတွေ ပါ လိုအပ်တဲ့ အကြောင်း၊ ၂၀၁၂ ခု နှစ် က နမ့်ဆန် မှာ မီးလောင်ခဲ့တာပင် အခု အထိ ပုံမှန် အခြေအနေ မရောက်သေးတဲ့ အကြောင်း တွေ ကို ဦးမောင်ကျော် က ဘီဘီစီ ကို ပြောပါတယ်။