လွှတ်တော်ရဲ့ မီဒီယာ ကန့်သတ်ချက်အပေါ် ကန့်ကွက်

  • 9 ဖေဖော်ဝါရီ 2016
Image caption သတင်း သမားတွေ ကို ဘယ်လို ရေးရမယ် ဆိုတဲ့ စည်းကမ်း ကန့်သတ် ချက် မလုပ်သင့် (ဦးသီဟစော)

လွှတ်တော်မှာ သတင်း ရယူ တာနဲ့ ပတ်သက်ပြီး သတင်း မီဒီယာ သမားတွေ အတွက် ပြည်ထောင်စု လွှတ်တော်ရုံး ကနေ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၅ ရက်နေ့က စည်းကမ်း ချက်တွေ ထုတ်ပြန် ခဲ့တဲ့ အပေါ် သတင်း သမား တွေက မကျေ မနပ် ဖြစ်နေကြ ပါတယ်။

အဲဒီ စည်းကမ်းချက် တွေထဲမှာ ပါတဲ့ လွှတ်တော် ဂုဏ် သိက္ခာကို မထိခိုက် ဖို့နဲ့ မီဒီယာ ကျင့်ဝတ် ရှိဖို့ ဆိုတဲ့ အချက် အပေါ် ကိုလည်း ဝေဖန် ပြောဆို နေကြ တာ ဖြစ်ပါတယ်။

မြန်မာ သတင်း ပညာ သိပ္ပံ သင်တန်း ကျောင်း က အမှုဆောင် ဒါရိုက်တာ ဦး သီဟစော ကတော့ သတင်း သမားတွေ ကို ဘယ်လို ဘယ်ပုံ ရေးရမယ် ဆိုတဲ့ စည်းကမ်း ကန့်သတ် ချက် မလုပ်သင့် ဘူးလို့ ပြောပါတယ်။

သတင်း မီဒီယာ ဥပဒေနဲ့ သတင်း သမား ကျင့်ဝတ် ဆိုတာ ရှိပြီး ဖြစ်တယ်လို့ လည်း ဦးသီဟစော ကပြောပါတယ်။

လွှတ်တော် ကနေ သတင်းသမားတွေ အတွက် စီစဉ်မှု အပိုင်းနဲ့ ပူပေါင်း ဆောင်ရွက်မှု အပိုင်းမှာ အားနည်းမှုတွေ ရှိနေ တယ်လို့လည်း သူက ဆိုပါတယ်။

ကြိုတင် ညှိနှိုင်းမှုတွေ လုပ်မယ် ဆိုရင်တော့ အဆင်ပြေ နိုင်ကြောင်းကိုလည်း သူက ပြောပါတယ်။

အခု ဖြစ်နေတဲ့ အခက် အခဲဟာ လွှတ်တော် အသစ်နဲ့ အစိုးရဟောင်း ကြားကာလ မှာ ဖြစ်နေတာ ဖြစ်ပြီး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အစိုးရ ဖွဲ့ပြီး ရင်တော့ ဒီကိစ္စတွေ အတွက် ထင်သာ မြင်သာ ရှိတဲ့ ပုံစံ ဖြစ်လာ မယ်လို့ မျှော်လင့် ကြောင်းကိုလည်း ဦးသီဟ စောက ပြောပါတယ်။