TNLA ဖမ်းသွားတယ်ဆိုတဲ့ ရွာသားတွေ ဘယ်မှာလဲ

  • 9 ဖေဖော်ဝါရီ 2016
Kyauk Mae

ရှမ်းပြည်နယ် မြောက်ပိုင်းက ကျောက်မဲမြို့နယ် တော့စန် ကျေးရွာကနေ TNLA က ဖမ်းဆီး သွားတဲ့ ရွာသား ၇ ယောက်နဲ့ ဘုန်းကြီးတပါး အသတ်ခံ ခဲ့ရတယ် ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။

အဲဒီရွာဟာ RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ရှမ်းပြည် တပ်မတော် တောင်ပိုင်း တပ်ဖွဲ့တွေနဲ့ TNLA တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကြား တိုက်ပွဲ ဖြစ်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။

RCSS/SSA က အစိုးရနဲ့ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ဖြစ်ပြီး TNLA ကတော့ လက်မှတ်ရေးထိုးခြင်း မရှိသေးပါဘူး။

ဖမ်းဆီးခံ ရွာသားတွေကို RCSS/SSA နဲ့ အဆက်သွယ် ရှိတယ်ဆိုတဲ့ သံသယနဲ့ဖမ်းဆီး သွားပြီး TNLA က သတ်ပစ်လိုက်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကို ရွာသားတွေဘက်က လာတိုင်ကြတာ ရှိတယ်လို့ ကျောက်မဲ ဒေသခံ ပါတီဝင်တစ်ယောက်က ပြောပါတယ်။

ညောင်မောင်းနဲ့ တော့စန်ရွာတွေမှာ TNLA က လွှမ်းမိုးထားတဲ့အပြင် ရွာသားတွေကို ရွာပြင် ထွက်ခွင့် မပေးဘဲ ရွာထဲမှာ TNLA က ရွာသားတွေကို ဖိအားပေး ခြိမ်းခြောက် တာတွေ ရှိပြီး ရှမ်းတပ်တွေက လာတိုက်ရင် သူတို့ အိမ်တွေကို မီးရှို့တယ်လို့ ရွာသားတွေက ပြောကြောင်းလည်း အဲဒီ SNLD ပါတီဝင်ကပဲ ပြောပါတယ်။

အစိုးရနဲ့ အပစ်ရပ် လက်မှတ် ရေးမထိုးရသေးတဲ့ TNLA အဖွဲ့နဲ့ အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးပြီးသား RCSS/SSA တို့ ကြားမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ခဲ့ ပါတယ်။

TNLA ဘက်ကတော့ သူတို့အနေနဲ့ ရွာသားတွေကို ဖမ်းဆီတာ သတ်ဖြတ်တာတွေ မလုပ်ဘူးလို့ TNLA ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး မိုင်အိုက်ကျော်က အခိုင်အမာ ငြင်းဆို ပါတယ်။

နှစ်ဖက် တိုက်ပွဲတွေနဲ့ ပတ်သက်လို့ TNLA ဘက်က သူတို့ထိန်းချုပ်ရာ နေရာကို RCSS/SSAက နယ်ချဲ့လာတဲ့ အတွက် တိုက်ရတာလို့ ပြောသလို RCSS/SSA ဘက်ကလည်း သူတို့ အရင်ကတည်းက အခြေချခဲ့တဲ့ သူတို့နယ်မြေ အတွက် တိုက်ရတာ ဆိုပြီး အပြန်အလှန် စွပ်စွဲ ပြောဆို နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ