သတင်းမီဒီယာအပေါ် ထုတ်ပြန်ချက် ဝေဖန်သံထွက်

  • 10 ဖေဖော်ဝါရီ 2016
_304x171_bb ဓာတ်ပုံ မူပိုင် bbc
Image caption လွှတ်တော်တွင်း သတင်းယူ မေးမြန်း

လွှတ်တော်တွင်း မီဒီယာသမားတွေ သတင်းရယူမှုနဲ့ ပတ်သက်ပြီး သတင်းမယူရမယ့် နေရာနဲ့ သတင်း အရေးအသားတွေ မှာ လွှတ်တော်ကို ထိခိုက်မှု မရှိအောင် ရေးသားရမယ် ဆိုပြီး ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ( ၅ )ရက်နေ့က ပြည်ထောင်စု လွှတ်တော်ရုံးက ထုတ်ပြန်ချက် တစောင် ထုတ်ခဲ့တဲ့ အပေါ်မှာ သတင်း မီဒီယာသမားတွေဘက်က မကြေမနပ်သံ တွေ ထွက်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်တွေ ဟာ သတင်းမီဒီယာ သမားတွေ ကို တားဆီး ကန့်သတ်လိုက်တဲ့ အချက်တွေ ဖြစ်တယ်လို့ သတင်းသမားတွေက ယူဆကြတာပါ။

ဒါ့အပြင် ဒီထုတ်ပြန်ချက်ဟာ ပြည်ထောင်စု လွှတ်တော် တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ အတွင်းရေးမှူး( ၂ ) ဦးကျော်စွာမင်း၊ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းက ဦးရဲမင်းဦးတို့နဲ့ တွေ့ဆုံ ညှိနှိုင်းပြီးမှ ထုတ်ပြန်ခဲ့တာလို့ လည်း ပြည်ထောင်စု လွှတ်တော်ဘက်က ပြောခဲ့လို့ ဦးကျော်စွာမင်း ရော ဦးရဲမင်းဦး တို့ကပါ ငြင်းဆိုပြီး အိတ်ဖွင့်ပေးစာ တွေ ပေးပို့ ခဲ့ပါတယ်။

သတင်းစာမှာ ဒီအချက်တွေ ဖေါ်ပြခဲ့တာနဲ့ ပတ်သက်ပြီး ဦးရဲမင်းဦးက လွှတ်တော် အတည်ပြုချက်နဲ့ မီဒီယာ အကြားမှာ နားလည်မှု လွဲတာတွေ၊ ထုတ်ပြန်ချက်ပါ (၁၈) ချက်ထဲ မှာ ကန့်သတ် ချက် တွေ အတော်များများ ပါနေတယ်လို့ သတင်းသမားတွေက ယူဆနေတာတွေကြောင့် ဖြစ်တယ်လို့ ဘီဘီစီ ကို ပြောပါတယ်။

လွှတ်တော် အနေနဲ့ လုံခြုံရေး အတွက် တာဝန်ရှိသူတွေ အနေ နဲ့ သတ်မှတ်ချက် တွေ ထုတ်ပြန် ရတယ် ဆိုတာ ကို နားလည် ပေးနိုင်ပေမယ့် ဖေါ်ပြပါ စည်းကမ်းချက်တွေ ကို ကြိုတင် သဘောတူမှု၊ အတည်ပြုမှု ရယူခြင်း မရှိပဲ ထုတ်ပြန် လိုက်တဲ့ အတွက် အထင်လွဲစရာ တွေ ဖြစ်လာတယ်လို့ ဦးရဲမင်းဦး က ဆိုပါတယ်။

အဲဒီ ထုတ်ပြန်ချက် ကို စာနယ်ဇင်း ကောင်စီ က တာဝန်ရှိသူတချို့ နဲ့ ဆွေးနွေးပြီးမှ ထုတ်ပြန်ခဲ့တယ် လို့ ပြည်ထောင်စု လွှတ်တော်ရုံး က ဆိုထားတာနဲ့ ပတ်သက်လို့ ပြည်တောင်စု လွှတ်တော် ညွှန်ကြားရေးမှူး ဦးကျော်စိုး ကို ဘီဘီစီ က မေးမြန်းရာ မှာတော့ ဖေဖေါ်ဝါရီ (၅) ရက်နေ့ က စာထုတ်ခြင်းဟာ ပြည်ထောင်စု လွှတ်တော် ဟာ ရုံးနေရာ ဖြစ်တဲ့ အတွက် လိုအပ်တာ ကို သတ်မှတ်ပြီး ဆောင်ရွက် တဲ့ အကြောင်း၊ အရင် ကလည်း ဒီ စည်းကမ်း သတ်မှတ်ချက် တွေ ရှိပြီးသား ဖြစ်တဲ့ အလျောက် လက်ရှိ အခြေအနေနဲ့ ကိုက်ညီမှု ရှိအောင် ဖြည့်စွက် ခြင်းသာ ဖြစ်တဲ့ အတွက် ဘယ်သူက ပြောလို့ ဆိုတာမျိုးထက် ကိုယ့်တာဝန် ကိုယ်ယူပြီး လုပ်တဲ့ သဘော ဖြစ်ကြောင်း ရှင်းပြပါတယ်။

သတင်းမီဒီယာ အပိုင်း အနေနဲ့ လည်း သတင်းရယူလိုမှု တခုတည်း ကို မကြည့်ပဲ လွှတ်တော်ပိုင်း ဆိုင်ရာ နဲ့ လုံခြုံရေး ပိုင်း ဆိုင်ရာတွေ ကိုပါ ထည့်စဉ်းစား စေလိုကြောင်း၊ လိုချင်တဲ့ သတင်းလည်း ရအောင်၊ လွှတ်တော် တာဝန်ပိုင်းဆိုင်ရာ လည်း ထိခိုက်မှု မရှိအောင် ဆောင်ရွက်တဲ့ အတွက် ကန့်သတ်တယ်၊ ချုတ်ချယ်တယ် ဆိုတဲ့ အသံတွေ ထွက်လာပုံ ရကြောင်း ပြည်တောင်စု လွှတ်တော် ညွှန်ကြားရေးမှူး ဦးကျော်စိုး က ဘီဘီစီ ကို ပြောပါတယ်။