တိုင်းရင်းသား မီဒီယာတွေ ရပ်တည်ဖို့ အခက်အခဲဖြစ်နေ

  • 11 ဖေဖော်ဝါရီ 2016
မြန်မာသတင်းဂျာနယ်များ ဓာတ်ပုံ မူပိုင် Nga
Image caption မြန်မာသတင်းဂျာနယ်များ

Burma News International (BNI)ညီလာခံကို ဖေဖေါ်ဝါရီ ၁၃ရက်နေ့ ကျရင် ရခိုင်ပြည်နယ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

BNIမှာ တိုင်းရင်းသား မီဒီယာ အများစု ပါဝင်ပေမယ့် တိုင်းရင်းသား မီဒီယာတွေက ဖွံ့ဖြိုးမှု နည်းပြီး ရပ်တည် ထုတ်လုပ်ဖို့တောင် အခက်အခဲတွေ ဖြစ်နေကြပါတယ်။

တိုင်းရင်းသား ဒေသမှာ အခြေခံတဲ့ သတင်းဌာနက ထုတ်တဲ့ ဂျာနယ်တွေဟာ ဝယ်လိုအား နည်းပြီး ဖြန့်ချီရေးမှာလည်း အခက်အခဲရှိနေပါတယ်။

ကြော်ငြာရဖို့ အခက်အခဲ၊ ဝင်ငွေကြောင့် သတင်းသမားကောင်း ရဖို့လည်း အခက်အခဲတွေ ရှိပါတယ်။

ချင်းပြည်နယ်လို သွားလာရ ခက်ခဲတဲ့နေရာမျိုးမှာ သတင်းစာ အချိန်မီ ရောက်နိုင်အောင် လုပ်ဖို့ အခက်အခဲ ရှိတယ်လို့ ချင်းဝေါလ် မီဒီယာ တာဝန်ခံ အယ်ဒီတာ ကိုဆလိုင်းမာန်က ပြောပါတယ်။

သယ်ယူ ပို့ဆောင်ဖို့ လွယ်တဲ့ နေရာမှာတော့ ဝယ်ဖတ်သူ နည်းရင် တာဝန်ယူ ဖြန့်ပေးမယ့်သူ အခက်အခဲ ရှိပြီး အလေးထား ဝယ်ယူအားပေးမှု မရှိတာကလည်း အခက်အခဲတခုလို့ တနင်္သာရီတိုင်း weekly ဂျာနယ်က တာဝန်ခံ အယ်ဒီတာ ကိုမျိုးအောင်က ဆိုပါတယ်။

ဒါ့အပြင် မြစ်ကြီးနား ဂျာနယ်မှ CEO ဦးဘရန်မိုင် ကတော့ လူမျိုးတစ်မျိုး အတွက်သာ ရည်ရွယ်ပြီး ထုတ်မယ်ဆိုရင် ဈေးကွက်က ကျဉ်းမှာဖြစ်ပြီး ဘာသာ ပေါင်းစုံရေးရင်လည်း ကုန်ကျစရိတ် များလို့ မြန်မာဘာသာနဲ့ပဲ ထုတ်ရတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ အလှူရှင်တွေရဲ့ ကူညီ ထောက်ပံ့မှုနဲ့ တိုင်းရင်းသား မီဒီယာတွေ ရပ်တည်နေတာ ဖြစ်တဲ့အပြင် တကယ်ဆိုရင် အရှုံး ပေါ်ပြီးလုပ်နေရတာလို့လည်း ပြောကြပါတယ်။

ဒေသဆိုင်ရာ ရေဒီယိုတို့ ရုပ်မြင်သံကြားတို့ကို လုပ်နိုင်ဖို့ ဆိုတာက ငွေကြေးရော၊ နည်းပညာပါ အခက်အခဲ ရှိနေတယ်လို့ဆိုပါတယ်။

အခုဆိုရင် လက်ကိုင်ဖုန်းတွေ ပေါလာလို့ အွန်လိုင်း မီဒီယာကို လိုက်နိုင်ဖို့ နည်းပညာရော၊ ငွေရေး ကြေးရေးပါ ရနိုင်ဖို့အတွက် ဆက်လက် ကြိုးစားသွားရမယ်လို့ တိုင်းနဲ့ပြည်နယ်က သတင်းဌာနတွေက တာဝန်ရှိသူတွေက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ