ရှမ်းမြောက် တိုက်ပွဲကြောင့် အများအပြား ထွက်ပြေး

  • 11 ဖေဖော်ဝါရီ 2016
Refugees arrive at Monastery in Kyaukme ဓာတ်ပုံ မူပိုင် Kyaukme News Facebook
Image caption တိုက်ပွဲတွေကြောင့် ကျောက်မဲကို ထွက်ပြေး လာတဲ့ ဒုက္ခသည်တွေ

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းနဲ့ ကျောက်မဲဒေသ တဝိုက်မှာ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ရှမ်းပြည် တပ်မတော် တောင်ပိုင်း RCSS/SSA တို့ကြား တိုက်ပွဲတွေကြောင့် ဒေသခံ နှစ်ထောင်ကျော် ဘေးလွတ်ရာကို တိမ်းရှောင် နေကြ ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း ရွာသိမ်းတိုက်ပွဲတွေ မိုင်းထောင် တိုက်ခိုက်တာတွေ များလာလို့ ကိုယ့်နေအိမ်တွေမှာ မနေရဲတော့ဘူး ဆိုတဲ့ ဒေသခံတွေက နမ့်ခမ်းနဲ့ ကျောက်မဲ မြို့တွေဆီကို အလုံးအရင်းနဲ့ ထွက်ပြေးလာနေကြပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေပိုင်းအထိ နမ့်ခမ်းကို လူတစ်ထောင် နီးပါးရောက်လာပြီး သူတို့ကို မြို့ခံ လူမှုရေးအသင်း တွေက နေရာထိုင်ခင်းနဲ့ စားသောက်ဖို့ စီစဉ်ပေး နေကြ ပါတယ်။

ဖေဖော်ဝါရီ ၇ ရက်နေ့က နမ့်ခမ်းမြို့နယ် ဝက်နော် ရွာအတွင်းမှာ TNLA ရှိနေပြီး RCSS/SSA က ဝင်တိုက်ရာမှာ လက်နက်ကြီးတွေ ကျလို့ လူတွေ ထွက်ပြေးကုန်တာလို့ စစ်ရှောင် ပြည်သူတွေကို ကူညီ နေတဲ့ တအာင်းပလောင် စာပေနဲ့ ယဉ်ကျေးမှု ကော်မတီဥက္ကဌ တာမြင့်ကျော်က ပြောပါတယ်။

ထွက်မပြေးနိုင်တဲ့ လူကြီးတွေနဲ့ ကလေးတွေကို ငဲ့ညှာပြီး TNLA ကရွာကနေ ရှောင်ပေးလိုက်တဲ့ အတွက် RCSS/SSA က ရွာထဲဝင်လာပြီး တပ်စွဲတယ်လို့လည်း သူက ပြောပါတယ်။

ကျောက်မဲမြို့နယ် တော့စန်ရွာ ဘက်က ဒေသခံတစ်ထောင် နီးပါးကတော့ ကျောက်မဲမြို့ကို ရောက်နေကြပြီး နောက်ထပ်လည်း ပြေးလာနေကြတဲ့ အတွက် ဒေသခံ လူမှုရေး အဖွဲ့တွေ သွားကြိုနေကြပါတယ်။

တော့ဆန်ရွာ ထဲကို ဝင်လာတဲ့ ပလောင် စစ်သားတွေက ရွာကို ဝင်စီးပြီး ရှမ်းစစ်သားတွေရှိမယ်ထင်တဲ့ နေရာတွေကို ပစ်ခတ်တဲ့ အတွက် ရွာသားတွေ ထွက်ပြေး ကြတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် စိုင်းသန်းမောင်ကပြောပါတယ်။

အဲဒီ စစ်ရှောင် ပြည်သူတွေကို ကျောက်မဲ ဘိုးဘွားရိပ်သာမှာ နေရာချထားပေးနေတယ်လို့လည်း သူက ပြောပါတယ်။

စစ်ရှောင် ပြည်သူတွေဟာ ကိုယ်လွတ် ပြေးလာကြရတဲ့ အတွက် အဝတ်အထည်နဲ့ အစားအသောက်တွေ လိုအပ်နေတယ်လို့ နမ့်ခမ်းနဲ့ ကျောက်မဲ ဘက်ကို ရောက်လာ ကြသူတွေက ပြောကြပါတယ်။

အရင်တုန်းက TNLA က အစိုးရ တပ်တွေနဲ့သာ တိုက်ပွဲဖြစ်ခဲ့ ပေမဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စပြီး RCSS/SSA နဲ့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ခဲ့တာပါ။

TNLA က သူတို့ထိန်းချုပ်တဲ့ နေရာကို RCSS/SSA က နယ်ချဲ့လာလို့ တိုက်ရတာလို့ ပြောသလို RCSS/SSA ဘက်ကလည်း ဒီနယ်မြေတွေဟာသူတို့ အရင်ကတည်းက အခြေချခဲ့တဲ့ နေရာတွေဖြစ်တယ် သူတို့နယ်မြေအတွက် တိုက်ရတာလို့ ပြောကြပါတယ်။

RCSS/SSA က အစိုးရ စစ်တပ်နဲ့ အပစ်အခတ် ရပ်စဲဖို့ သဘောတူ လက်မှတ်ရေးထိုး ထားတဲ့အဖွဲ့ ဖြစ်ပြီး TNLA ကတော့ လက်မှတ်မထိုးသေးတဲ့အဖွဲ့ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ