ပလောင်ဒေသမှာ အရပ်သားတွေ ခေါင်းဖြတ်ခံရတဲ့ အထိ ပစ်မှတ်ထား ခံနေရတယ်လို့ UNA ပြော

  • 12 ဖေဖော်ဝါရီ 2016
shan_solidier_
Image caption ခေါင်းဖြတ် သတ်တာမျိုး ဘယ် လက်နက်ကိုင်တပ် က ကျူးလွန်တာ လဲ ဆိုတာ ကိုတော့ UNA ရဲ့ ထုတ်ပြန်ချက် ထဲ မှာ မတွေ့ရပါဘူး။

ပလောင် အုပ်ချုပ်ခွင့်ရ ဒေသထဲမှာ တအာင်း ပလောင် လက်နက်ကိုင် TNLA နဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း လို့လည်း ခေါ်တဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး တပ် RCSS တို့ အကြား လတ်တလော ဖြစ်ပေါ် နေတဲ့ တိုက်ပွဲ အတွင်း အရပ်သား တွေ ပါ ပစ်မှတ် ထား ဖမ်းဆီး ခံနေရ ပြီး ခေါင်းဖြတ် သတ် ခံရ တာ မျိုး အထိ ဖြစ် နေတယ် လို့ စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ UNA က ကြေညာချက် ထုတ် ကန့်ကွက် လိုက်ပါတယ်။

ဘယ် လက်နက်ကိုင်တပ် က ကျူးလွန်တာ လဲ ဆိုတာ ကိုတော့ UNA ရဲ့ ထုတ်ပြန်ချက် ထဲ မှာ မတွေ့ရပါဘူး။

UNA အဖွဲ့ ကို ၁၉၉၀ ရွေးကောက်ပွဲဝင် ခဲ့တဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီ တွေ စုပေါင်း ဖွဲ့ခဲ့ ပြီး လက်ရှိ မှာ ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD၊ မွန် အမျိုးသား ပါတီ ၊ ရခိုင် အမျိုးသားပါတီ အပါအဝင် မြေပေါ် တိုင်းရင်းသား နိုင်ငံရေး ပါတီ တွေ ရဲ့ ညွန့်ပေါင်း အဖွဲ့ တစ်ခု ဖြစ်ပါတယ်။

ရှမ်းပြည် တပ်မတော် တောင်ပိုင်း RCSS အနေနဲ့ တအောင်း ပလောင် ဒေသထဲ ထိ သွားရောက် ပြီး တိုက်ပွဲ တွေ ဖြစ်နေတာ ဟာ နောက်ကွယ်က ပယောဂ ပါနိုင်တယ် လို့ သံသယ ရှိတယ် ဆိုပြီး မွန် အမျိုးသား ပါတီ အတွင်းရေးမှုး နိုင်စိုးမြင့် က ဘီဘီစီ ကို ပြောပါတယ်။

RCSS ဟာ အစိုးရ စစ်တပ် နဲ့ ကြား တစ်နိုင်ငံ လုံး အပစ်ရပ် သဘောတူမှု စာချုပ် NCA ထဲ ပါဝင် လက်မှတ် ရေး ထိုး ထားတဲ့ အဖွဲ့ ဖြစ်ပြီး၊ TNLA ကတော့ NCA ထဲ မပါဝင်ဖို့ အစိုးရ ဘက်က ချန်လှပ် ထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

တအာင်း ပလောင် နယ် ထဲ က တိုက်ပွဲ တွေ ကြောင့် မိမိတို့ရဲ့ အိုးအိမ် တွေကို စွန့်ခွာ ထွက်ပြေး ကြရတဲ့ ဒုက္ခသည် အရေ အတွက် လည်း တဟုန်ထိုး များပြား လာနေတယ် ဆိုပြီး တော့လည်း UNA ရဲ့ ထုတ်ပြန်ချက် ထဲမှာ ပါဝင် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ