ကာချုပ်ပင်စင်သက် တိုးတဲ့ အပေါ် ဝေဖန် သုံးသပ်နေ

  • 13 ဖေဖော်ဝါရီ 2016
_myanmar_ceasefire_signing_naypyitaw
Image caption ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ဟာ တပ်မတော် အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ရလာဒ် ကနေ ပေါ်ပေါက် လာမယ့် အစိုးရ သစ်နဲ့ လက်တွဲ လုပ်ဆောင် သွားမယ် ဆိုပြီး ကတိပေး ပြောဆိုမှု တွေ ပြုလုပ် ထား။

ဗိုလ်ချုပ်မှုးကြီးနဲ့ ဒုတိယ ဗိုလ်ချုပ်မှုး ကြီး စတဲ့ မြန်မာ စစ်တပ် ရဲ့ အကြီးအမှုး ရာထူး နေရာ တွေ က သူတွေ အငြိမ်းစား ပင်စင် ယူရမယ့် အသက် ကို အသက် ၆၅ နှစ် အထိ ၅နှစ် သက်တမ်း တိုးလိုက် တာ ဟာ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက် အတွက် ရည်ရွယ် လုပ်ဆောင် တာမျိုး မဖြစ်သင့်ပဲ အကျိုး အကြောင်း ခိုင်ခိုင်လုံလုံ ရှိသင့်တယ် ဆိုတဲ့ ဝေဖန် မှု တွေ ထွက်ပေါ် လာပါတယ်။

လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက် အတွက် ရည်ရွယ် လုပ်ဆောင် တာ ဖြစ်ရင် အဲဒီ့ ပုဂ္ဂိုလ် အတွက် ရာထူး အာဏာ ကို ဆက်လက် သုံးစွဲ နိုင်အောင် ဖန်တီး ပေးတဲ့ သဘော မျိုး ဖြစ်နေတယ် ဆိုပြီး ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့က ဦးနိုင်းနိုင်း က ပြောပါတယ်။

နောက်ဆုံး ပြုလုပ် ခဲ့တဲ့ တပ်မတော် ၄ လပတ် အစည်း အဝေး အပြီး အခုလို တပ်မတော် အကြီးအကဲ ရာထူး တွေ ကို အသက် ၆၀ ကနေ ၆၅ နှစ် အထိ ပင်စင်သက် တိုး ခဲ့တဲ့ သတင်း ထွက်ပေါ် လာတာ ဖြစ်ပြီး၊ ဒီလို အပြောင်းအလဲ လုပ်ဆောင် တာဟာ လက်ရှိ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် မကြာခင် အသက် ၆၀ ပြည့် တော့မှာနဲ့ ဆက်စပ် နေတယ် လို့ မြန်မာ့ နိုင်ငံရေး စောင့်ကြည့် သူတွေ က သုံးသပ် နေပါတယ်။

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ဟာ တပ်မတော် အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ရလာဒ် ကနေ ပေါ်ပေါက် လာမယ့် အစိုးရ သစ်နဲ့ လက်တွဲ လုပ်ဆောင် သွားမယ် ဆိုပြီး ကတိပေး ပြောဆိုမှု တွေ ပြုလုပ် ထားသလို၊ ရွေးကောက်ပွဲ လွန် ကာလမှာ အနိုင်ရ အမျိုးသား ဒိမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ဥက္ကဌ ဒေါ် အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ စကားပြော ထား ပါတယ်။

ဒါပေမယ့် ဘာတွေ ဆွေးနွေး ခဲ့ကြတယ်၊ ဘယ်လို သဘောတူမှု တွေ ရှိထား ကြတယ် စတဲ့ အသေးစိတ် အချက်အလက် တွေ ကိုတော့ နှစ်ဘက် စလုံး က ထုတ်ပြန် ခဲ့ခြင်း မရှိပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ