မြန်မာ့နိုင်ငံရေး တည်ငြိမ်မှု ထိခိုက်အောင် ဘယ်သူလုပ်လာနိုင်သလဲ

  • 13 ဖေဖော်ဝါရီ 2016
Image caption UNFC ဒုဥက္ကဌ နိုင်ဟံသာ

မြန်မာ နိုင်ငံမှာ အစိုးရသစ်ကို တာဝန်လွှဲပြောင်းဖို့ ပြင်ဆင်နေတဲ့ ကာလမှာ နိုင်ငံရေး တည်ငြိမ်မှုနဲ့ လူထု တည်ငြိမ်မှုကို ထိခိုက်အောင် လုပ်လာနိုင်တယ် ဆိုတဲ့ သတင်းတွေ မှန်းဆချက်တွေ တွေ့နေရတာကြောင့် နိုင်ငံတွင်းမှာ ရှိနေဖို့က ပိုအရေးကြီးတဲ့ အတွက် အမေရိကန်ပြည်ထောင်စုမှာ ဖေဖော်ဝါရီ ၁၅ နဲ့ ၁၆ မှာ ကျင်းပမယ့် အမေရိကန် အာဆီယံ အထူး ထိပ်သီး ဆွေးနွေးပွဲကို သမ္မတ ဦးသိန်းစိန် မတက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။

ဒါပေမယ့် UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ ဒုဥက္ကဌ၊ မွန်ပြည်သစ်ပါတီရဲ့ ဒုဥက္ကဌ နိုင်ဟံသာကတော့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ အနေနဲ့ ဒီနေ့ ဒီအချိန်မှာ ဘယ်အဖွဲ့အစည်းကမှ အစိုးရကို အနှောင့် အယှက်ပေးဖို့ ဒါမှမဟုတ်ရင် ပြည်တွင်းမှာ တခုခုလုပ်ဖို့ မရှိဘူးလို့ မြင်ကြောင်း၊ ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးလိုလိုဟာ နိုင်ငံရေးပြသနာကို အေးအေးချမ်းချမ်းနဲ့ စားပွဲခုံပေါ်မှာ ဖြေရှင်းနိုင်ရေးကိုပဲ ဦးတည်နေကြတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပိုပြီး မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် တည်ဆောက်နိုင်မယ်လို့ မြင်တဲ့ အလျောက် နောက်တက်လာမယ့် NLD အစိုးရကိုလည်း သူတို့အနေနဲ့ တစုံတရာ ရန်ရှာဖို့ ဆန့်ကျင်ဖို့ လုံး၀မရှိဘူးလို့ နိုင်ဟံသာကပြောပါတယ်။

အစိုးရကလည်း NLD ကို အေးအေးဆေးဆေး အာဏာလွှဲဖို့ရှိနေတယ်၊ တပ်ဖက်ကလည်း ရွေးကောက်ပွဲ ရလာဒ်ကို လက်ခံပြီး လာမယ့် အစိုးရနဲ့ လက်တွဲသွားမယ်ဆိုတဲ့ သဘောထားကို ပြောနေပေမယ့် အာဏာ မလွှဲပေးချင်လို့ တခုခုများ အနှောင့် အယှက်ပေးမလားဆိုတာမျိုး ရှိရင်လဲ ရှိနိုင်တယ်လို့ ဆိုပါတယ်။

IS တို့လို မွတ်ဆလင်အဖွဲ့တွေက အနှောင့်အယှက်ပေးမလားဆိုတာမျိုး တွေးနိုင်ပေမယ့် လက်တွေ့မှာ ဒီလို ဖြစ်နိုင်မယ်လို့ မထင်ကြောင်း ပြောပါတယ်။

ဒါကြောင့် နိုင်ငံရေး တည်ငြိမ်မှုနဲ့ လူထု တည်ငြိမ်မှုကို ထိခိုက်အောင် လုပ်လာနိုင်တယ် ဆိုတဲ့ သတင်းတွေတွေ့ရလို့ ဆိုတဲ့ အကြောင်းပြချက်ဟာ လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်ဘူးလို့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ ဒုဥက္ကဌ နိုင်ဟံသာက ပြောပါတယ်။