အမေရိကန် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ စတင်မယ်

  • 14 ဖေဖော်ဝါရီ 2016
_xi_obama_sunnylands ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ်သမ္မတ ရှီကျင်းပင်ကိုလည်း Sunnylands မှာပဲ သမ္မတ အိုဘားမား တွေ့ဆုံ ခဲ့ပါတယ်။

ဖေဖေါ်ဝါရီလ ၁၅ ရက် တနင်္လာနေ့ မှာ အမေရိကန် နဲ့ အာဆီယံ ၁၀ နိုင်ငံ ရဲ့ ထိပ်သီး အစည်း အဝေးကို ကယ်လီဖိုးနီးယား ပြည်နယ် သဲကန္တရ ထဲက ဧက ၂၀၀ ကျယ်တဲ့ Sunnylands ဆိုတဲ့ အပန်းဖြေ စခန်းကြီး မှာ သမ္မတ အိုဘားမား က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ မှာ ဖြစ်ပါတယ်။

ဒီထိပ်သီး အစည်းအဝေး ကို ၂ ရက်ကြာ ကျင်းပ မှာ ဖြစ်ပြီး၊ မဟာဗျုဟာ မြောက် အရေးပါတဲ့ တောင်တရုတ် ပင်လယ် ပြင် ကို ပိုင်စိုးနိုင်ရေး အတွက် ယှဉ်ပြိုင်မှု ပြင်းထန် နေတဲ့ အရေး ကိစ္စ အပေါ် သဘောတူ နားလည်မှု တစုံတရာ ရယူ နိုင်ဖို့ ထည့်သွင်း ဆွေးနွေး ကြနိုင်တယ် လို့ သတင်း တချို့ က ဆိုပါတယ်။

အမေရိကန် သမ္မတ တွေ အနေနဲ့ အရေးကြီးတဲ့ ဧည့်သည်တော် တွေကို ဧည့်ခံ လေ့ရှိတဲ့ Sunnylands စခန်းကြီး ထဲမှာ အာဆီယံ ခေါင်းဆောင် တွေ ကို တွေ့ဆုံ ပြီး ထိပ်သီး ဆွေးနွေးပွဲ လက်ခံ ကျင်းပတာဟာ အာဆီယံ ဒေသ အပေါ် သမ္မတ အိုဘားမား အစိုးရ က အလေးထား ကြောင်း ပြသမှု တစ်ရပ် အဖြစ် အိမ်ဖြူတော် က ရှုမြင် ထားပါတယ်။

အခု ထိပ်သီး ဆွေးနွေးပွဲ ကို သမ္မတ ဦးသိန်းစိန် တက်ရောက် မှာ မဟုတ်ပဲ ဒုသမ္မတ တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ထွန်း သွားရောက် မှာ ဖြစ်တယ် လို့ မြန်မာ အစိုးရ က ထုတ်ပြန် ထားပါတယ်။

သမ္မတ အိုဘားမား လက်ထက် မြန်မာ နိုင်ငံ အပါအဝင် အာဆီယံ ဒေသ အပေါ် အမေရိကန် အစိုးရ ပိုမို အာရုံ စိုက် လာပြီး ဒေသတွင်း တရုတ် နိုင်ငံ နဲ့ မဟာဗျုဟာ မြောက် ယှဉ်ပြိုင် နိုင်ဖို့ ကြိုးစား လာခဲ့တယ် လို့ ဝါရှင်တန် အခြေစိုက် နိုင်ငံတကာ ဆက်ဆံရေး သုတေသန အဖွဲ့ တစ်ခု CSIS က အရှေ့တောင်အာရှ ရေးရာ အကြံပေး အားနက်စ် ဘောင်ဝါ က ပြောကြောင်း သတင်းတစ်ပုဒ်မှာ ကိုးကား ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ