နေပြည်တော်က ဟိုတယ်တွေကို နိုင်ငံရေးပါတီ အစည်းအဝေး ကျင်းပခွင့်မပြု

  • 16 ဖေဖော်ဝါရီ 2016
နေပြည်တော်က ဟိုတယ်ဇုံ
Image caption နေပြည်တော်က ဟိုတယ်ဇုံ

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်က ဟိုတယ်တွေကို နိုင်ငံရေးပါတီတွေရဲ့ အစည်းအဝေးတွေ ကျင်းပခွင့်မပြုဘူးလို့ နေပြည်တော် ကောင်စီက ထုတ်ပြန် ကြေညာ လိုက်ပါတယ်။ ဒီဟိုတယ်တွေဟာ စီးပွားရေး လုပ်ငန်းရှင်တွေ အာဆီယံ အစည်းအဝေးတက်တဲ့ ဧည့်သည်တွေ တည်းဖို့အတွက် အစိုးရထံက ငွေချေး ဆောင်ရွက်တာဖြစ်ပြီး ချေးငွေမကျေခင်မှာ နိုင်ငံပိုင် ဟိုတယ်ဖြစ်နေလို့ အခုလိုတားမြစ်တာလို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒီစာဟာ အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒီဇင်ဘာလတုံးက ထူးကုမ္ပဏီပိုင် ရွှေစံအိမ်ဟိုတယ်မှာ အရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ်တွေ စွမ်းရေမြှင့်သင်တန်းပေးခဲ့တာနဲ့တိုက်ရိုက် ဆက်စပ်နေပါတယ်။

ဘီဘီစီက လက်ခံရရှိတဲ့ စာထဲမှာတော့ နိုင်ငံတော် ဧည့်ဂေဟာ အဖြစ်နေပြည်တော် ကောင်စီဘဏ်ကနေတဆင့် ငွေချေးပေးပြီး လုပ်ပိုင်ခွင့်ပေးခဲ့တဲ့ ကုမ္ပဏီ၁၀ခုက ဟိုတယ်တွေကိုသတိပေးတာဖြစ်ပါတယ်။

ထူးကုမ္ပဏီ လုပ်ငန်းစုမှ နိုင်ငံတကာ ဆက်ဆံရေး စီးပွားရေးနဲ့ ပြည်သူ့ဆက်ဆံရေး မန်နေဂျာ ဒေါ်ဆွေဆွေညွန့်က NLD ကလွှတ်တော်အမတ်တွေ သင်တန်းပေးဖို့ အကူအညီတောင်းလို့ ဉီးတေဇက စေတနာနဲ့ ကူညီခဲ့တာဖြစ်ပြီး ဘာမှ အပေးအယူ မရှိဘူးလို့ဆိုပါတယ်။

နိုင်ငံရေးပါ တီတွေအစည်းအဝေးလုပ်ခွင့်မပြုတဲ့ ဟိုတယ်တွေထဲမှာ နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်တွေ ဖြစ်ကြတဲ့ ဉီးချစ်ခိုင် ဉီးထွန်းမြင့်နိုင် ဉီးတေဇတို့ လုပ်ကိုင်ကြတဲ့ ဟီလတန် ကန်ပတ်စကီး လိပ်ဂါးဒင်း စတဲ့ဟိုတယ်တွေ ပါဝင်ပါတယ်။ ဒီဟိုတယ်တွေ အတွက်မြေကို နေပြည်တော် ကောင်စီက ချပေးပြီး လိုင်စင်ကိုတော့ လုပ်ငန်းရှင် နံမည်နဲ့ထုတ်ပေး ထားတာလို့ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာန ဟိုတယ်ဉီးစီးဌာနက ညွှန်ကြားရေးမှူး ဉီးမျိုးဝင်းညွန့်က ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ နောင်ဖွင့်မယ့်သင်တန်းတွေမှာ ဟိုတယ်တွေကိုငွေပေးပြီးငှါးရမ်းမယ်လို့ဆိုပါတယ်။

အခုဟိုတယ် ပိုင်ရှင်တွေဟာ နှစ်ပေါင်းများစွာ စစ်အစိုးရနဲ့ပေါင်းပြီး စီးပွားရေး လုပ်ပိုင်ခွင့် ရခဲ့ပေမဲ့ ရွေးကောက်ပွဲ အနိုင်ရ ပါတီကို အကူအညီပေးလို့ ဖိအားပေး ခံရတာလို့လည်း သုံးသပ်မှုတွေ ရှိနပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ