ထိုင်းမှာ ကားချင်းတိုက်လို့ မြန်မာတွေ သေဆုံး

  • 16 ဖေဖော်ဝါရီ 2016
Burmese workers in Thailand ဓာတ်ပုံ မူပိုင် AP
Image caption ရေလုပ်သားတွေ အပါအဝင် မြန်မာ အလုပ်သမား သန်းနဲ့ချီပြီး ထိုင်းမှာ ရှိနေ

ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက် ၃ နာရီလောက်က မြန်မာအလုပ်သမားတွေ လိုက်ပါလာတဲ့ ခရီးသည်တင် ဘတ်စ်ကားနဲ့ သဲကား တိုက်မိတဲ့ အတွက် လူ ၆ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ ပါတယ်။

ဘန်ကောက်မြို့ တောင်ဘက် ချွန်းဘူရီမြို့ ကနေ မဲဆောက်မြို့ကို သွားတဲ့ နှစ်ထပ် ဘတ်စ်ကားနဲ့ ၁၈ ဘီးတပ် သဲကားတို့ မဲဆောက်မြို့မရောက်ခင် မိုင် ၁၀ဝ ကျော်ရှိတဲ့ ကမ်းဖဲန်ခရိုင် ခလောင်း ခလုန်မြို့ အနီးမှာ မျက်နှာချင်းဆိုင် တိုက်မိခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူက ၆ ယောက်မှာ မြန်မာ ၃ ယောက်နဲ့ ထိုင်း ၃ ယောက် ဖြစ်တယ်လို့ ခလောင်းခလုန် ဆေးရုံ အရေးပေါ်ဌာနက ကျန်းမာရေး ဝန်ထမ်း အမျိုးသမီးက ပြောပါတယ်။

ဒဏ်ရာရသူ စုစုပေါင်း ၄၉ ယောက် ရှိပြီး မြန်မာ ၃၄ ယောက်ပါဝင် ပါတယ်။

ဒဏ်ရာပြင်းသူ ၁၄ ယောက်ကိုတော့ ကမ်းဖဲန်ဖေတ် ခရိုင် ဆေးရုံကို ပို့ထားကြောင်းနဲ့ သူတို့ ဆေးရုံမှာ ၁၂ ယောက်ပဲ ကျန်တဲ့အကြောင်း အဲဒီ ကျန်းမာရေး ဝန်ထမ်း အမျိုးသမီးက ပြောပါတယ်။

အွန်လိုင်းပေါ်မှာ တွေ့ရတဲ့ ပုံတွေမှာ ကားနှစ်စီးလုံး အကြီးအကျယ် ပျက်စီးသွားတာ တွေ့ရတာကြောင့် ထိပ်တိုက် တိုက်မိကြတာ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

ဘတ်စ်ကားမောင်းသမားရော ကုန်တင်ကားမောင်းသူပါ သေဆုံးသွားတဲ့ အတွက် ယာဉ်တိုက်မှု အသေးစိတ်ကို မသိသေးဘူးလို့ ကယ်ဆယ်ရေးသမား တစ်ယောက်က ဘီဘီစီကိုပြောပါတယ်။

ခရီးသည်တွေကလည်း အိပ်နေလို့ မသိလိုက်ဘူးလို့ ဒဏ်ရာရသူ မြန်မာအလုပ်သမားက ပြောကြောင်း သူနာပြုဆရာမက ပြန်ပြောပြ ပါတယ်။

ထိုင်းနိုင်ငံမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးသူတွေ ရှိရင် အာမခံကုမ္ပဏီက အနည်းဆုံး ၂ သိန်းကနေ ၅ သိန်းအထိ လျော်ကြေး ရကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ