ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး တွေ့ဆုံ

  • 17 ဖေဖော်ဝါရီ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ပြီးခဲ့တဲ့ နှစ် ဧပြီလ ၆ ပွင့်ဆိုင် ဆွေးနွေး ပွဲ တုန်းက အခုလို တွေ့ဆုံခဲ့ကြပါသေးတယ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော် တိုင်း စစ် ဌာနချုပ်မှာ ဗုဒ္ဓဟူးနေ့က တစ်နာရီ ကျော်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။

တတိယ အကြိမ် ခေါင်းဆောင် နှစ်ဦး တွေ့ဆုံမူ မှာတော့ တရား ဥပဒေ စိုးမိုးရေး ဆိုင်ရာ ကိစ္စ ရပ်များ နဲ့ထာဝရ ငြိမ်းချမ်းရေး ရရှိရန် ဆက်လက် ဆောင်ရွက် ရမဲ့ ကိစ္စ တွေကို ဆွေးနွေး ခဲ့ကြတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ဖေစ်ဘွတ် စာမျက် နှာမှာ ရေးသား ထားပါတယ်။

သို့သော်လည်း အသေးစိတ် ကိုတော့ ထုတ်ဖော်ပြော ဆိုခြင်း မရှိခဲ့ ပါဘူး။ အခုလို့ NLD ပါတီက သမ္မတ တင်မြှောက်ဖို့ တစ်လ တိတိ လိုတဲ့ အချိန်မှာ နှစ်ဖက် ခေါင်းဆောင်တွေ ဆွေးနွေးပွဲ မှာတော့ အစိုးရ ဖွဲ့ဖို့ ကိစ္စလည်း ပါနိုင် ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေ NLD က ဖွဲ့မယ့် အစိုးရ အဖွဲ့မှာ ပါတီက မဟုတ်တဲ့ လူတွေလည်း ပါဝင် မယ်လို့ ပြောဆို ထားတာ ရှိတဲ့ အတွက် တပ်မတော် ကာကွယ်ရေးဦး စီးချုပ်နဲ့ ဆွေးနွေး ရာမှာ တပ်မတော် က ခန့်အပ်မယ့် ဝန်ကြီး ဌာန သုံးခု အပြင် တခြားသော နေရာ တွေမှာ တပ်မတော်က လူတွေပါ ဝင် လာနိုင် ရေး ကိစ္စတွေ လည်း ဆွေးနွေး နိုင်တယ်လို့ လေ့လာသူ တွေက သုံးသပ် ပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကတော့ အပစ်ရပ် စာချုပ်မှာ လက်မှတ် မထိုးတဲ့ အဖွဲ့တွေ စားပွဲဝိုင်း ပေါ်ရောက် လာရေး ကိစ္စ ဆွေးနွေး ကြတယ်လို့ သတင်း ရရှိ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အပစ်ရပ် စာချုပ်မှာ လက်မှတ် မထိုးတဲ့ အဖွဲ့တွေ စားပွဲဝိုင်း ပေါ် ရောက်လာ အောင် ဆောင်ရွက် ပေးဖို့ ရှိတယ်လို့ ပြောဆို ထားတာ ရှိတယ်။

တွေ့ဆုံပွဲ မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ သူ့ ဆရာဝန် ဒေါက်တာ တင်မျိုးဝင် နဲ့ ဒေါက်တာ ဇော်မြင့်မောင်တို့ ပါဝင် ခဲ့ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ အတူ စစ်ဥပဒေ ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်နဲ့ စစ်ဖက် ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့ ပါဝင်ခဲ့ ပါတယ်။