ဒေါ်စန္ဒာမင်းကို အရေးကြီးတဲ့ လွှတ်တော် ကော်မတီဥက္ကဋ္ဌခန့်

  • 17 ဖေဖော်ဝါရီ 2016
Rangoon Division Parliament
Image caption ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ရေးရာ ကော်မတီတွေဖွဲ့

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ ဘဏ္ဍာရေး စီမံကိန်းနဲ့ စီးပွားရေး ကော်မတီ ကို ဖွဲ့စည်းလိုက်ပါတယ်။

အဖွဲ့ဝင် ၁၁ ယောက် ပါဝင်တဲ့ ကော်မတီမှာ ဥက္ကဋ္ဌ အဖြစ် ဆိပ်ကြီးခနောင်တို မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကို ခန့်အပ်ခဲ့ ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး မြို့တော် လို့ ခေါ်ကြတဲ့ ရန်ကုန်မြို့ အပါအဝင် ရန်ကုန်တိုင်းမှာ အရေးကြီးတဲ့ စီမံကိန်းတွေ အများကြီး လုပ်ဆောင်နေတာ ရှိပါတယ်။

ဒါကြောင့် ဘဏ္ဍာရေး စီမံကိန်းနဲ့ စီးပွားရေး ကော်မတီက အနေနဲ့ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် အတွင်း ရန်ကုန်တိုင်း ဒေသကြီး အတွက် ချမှတ်ပေးခဲ့တဲ့ ထားတဲ့ ဘတ်ဂျက်ငွေတွေသုံးစွဲမှု၊ စီမံကိန်းတွေကို အမှန်တကယ် အကောင်အထည် ဖော်ခြင်း ရှိမရှိ ဆိုတာနဲ့ လာမယ့် ဘဏ္ဍာနှစ် အတွက် ချမှတ်ပေးလိုက်ပြီး အကောင်အထည် မဖော်ရသေးတဲ့ စီမံကိန်းတွေဟာ အကျိုး ရှိမရှိ ဆိုတာတွေကို အဓိက သုံးသပ် စစ်ဆေးမယ်လို့ ကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောပါတယ်။

စိစစ်တဲ့နေရာမှာ ဘတ်ဂျက်ငွေ သုံးစွဲမှု၊ စီမံကိန်း လုပ်ခွင့်ရတဲ့ ကုမ္ပဏီကို အပြိုင်အဆိုင် ရွေးချယ်တာ ဟုတ်မဟုတ်ဆိုတာနဲ့ စီမံကိန်း ဖြစ်ပေါ်လာဖို့ အဲဒီ ကုမ္ပဏီ သုံးစွဲတဲ့ ငွေ မျှတမှု ရှိမရှိ ဆိုတာတွေကို အခြေခံပြီး လုပ်ဆောင်သွားမယ်လို့ သူက ပြောပါတယ်။

ခွင့်ပြုချက် ချထားပေးပြီး ဘတ်ဂျက်ငွေပါ ထုတ်ပေးထားပြီး ဖြစ်တဲ့ စီမံကိန်းတွေကိုတော့ လွှတ်တော် အနေနဲ့ ပြန်ဖျက်လို့ မရဘူးလို့ သူက ပြောပါတယ်။

စီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ မှားယွင်း ဆောင်ရွက်တာတွေ ရှိတယ်ဆိုရင် လွှတ်တော် အနေနဲ့တော့ အရေးယူ လုပ်ဆောင်လို့ မရတဲ့ အတွက် ဒါတွေကို သင်ခန်းစာ ယူပြီး နောင်လာမယ့် လွှတ်တော် သက်တမ်းမှာ အလားတူ မဖြစ်ရအောင် စောင့်ကြည့်၊ ထိန်းကျောင်း ထောက်ပြ သွားမယ်လို့လည်း ဒေါ်စန္ဒာမင်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ