မဲဆွယ်အသုံးစရိတ် မတင်နိုင်သူတွေကို အမိန့်ချ

  • 19 ဖေဖော်ဝါရီ 2016
Image caption မဲဆွယ် အသုံးစရိတ် မတင်သူ အများဆုံးပါတီ စာရင်းမှာ NDFနဲ့ အမျိုးသား တိုးတက်ရေးပါတီတို့ ပါဝင်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး အသုံးစရိတ် တင်သွင်းဖို့ ပျက်ကွက်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၇၅ ယောက်နဲ့ရွေးကောက်ပွဲကိုယ်စားလှယ် ၃၂ယောက်၊ စုစုပေါင်း ၂၀၇ယောက် ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ နေပြည်တော်မှာ ခုံရုံးဖွဲ့ စစ်ဆေးနေရာမှာ အခုထိတော့ ကိုယ်စားလှယ် ၁၈၂ဦးကို အရည်အချင်း ပျက်ယွင်းသူ အဖြစ် ရွေးကောက်ပွဲ ခုံရုံးကနေ အမိန့် ချမှတ်လိုက်ပါတယ်။

ရွေးကောက်ပွဲရလဒ် ကြေညာပြီး ရက် ၃၀အတွင်း မဲဆွယ် ကုန်ကျစရိတ် တင်သွင်းဖို့ ပျက်ကွက်တဲ့ အဲဒီ ကိုယ်စားလှယ်တွေကို အခုလ အစောပိုင်းကတည်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ ခုံရုံးဖွဲ့ စစ်ဆေးနေတာ ဖြစ်ပါတယ်။

ကိုယ်စားလှယ် ၁၈၇ဦးကို စစ်ဆေးခဲ့ပြီး ဒီထဲက ၅ဦးကတော့ မဲဆွယ် အသုံးစရိတ် မတင်သွင်းနိုင်တဲ့အပေါ် ခိုင်လုံတဲ့ ထွက်ဆိုချက် ပေးနိုင်တဲ့အတွက် ကိုယ်စားလှယ် အရည်အချင်း ပျက်ယွင်းသူ အဖြစ်ကနေ ကင်းလွတ်ခွင့် ရပြီး ကျန်တဲ့ ၁၈၀ကျော်ကိုတော့ အရည်အချင်း ပျက်ယွင်းသူတွေ အဖြစ် ရွေးကောက်ပွဲ ခုံရုံးကနေ အမိန့် ချမှတ်လိုက်တာပါ။

ရွေးကောက်ပွဲ ကုန်ကျစရိတ် မတင်သွင်းသူတွေထဲ မှာ ရန်ကုန်တိုင်းက ၃၄ ဦးနဲ့ အများဆုံးဖြစ်ပြီး ဒီနောက်ကတော့ ရှမ်း၊ ကချင်၊ ကယား နဲ့ ဧရာဝတီတိုင်းတွေထဲက အယောက် ၂၀ကျော်ဆီ ရှိနေပါတယ်။

ပါတီအနေနဲ့ ပြောရရင်တော့ ပါတီကြီး ၂ခုဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်း ၁၀ဦး နဲ့ NLD အမျိုးသား ဒီမိုကရေစီပါတီ ၅ဦး ရှိပါတယ်။

မဲဆွယ် အသုံးစရိတ် မတင်သွင်းသူ အများဆုံးပါတီ စာရင်းထဲမှာတော့ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ နဲ့ အမျိုးသားတိုးတက်ရေးပါတီတို့ ပါပါတယ်။

ရွေးကောက်ပွဲ အသုံးစရိတ် မတင်သူ ၂၀ဝကျော်ထဲမှာ ကော်မရှင် ခုံရုံးကနေ စစ်ဆေးဖို့ ကျန်တဲ့ ကိုယ်စားလှယ်က ၂၀ ပဲ ရှိတော့ပြီး သူတို့တွေကို လာမယ့် သီတင်းပတ်ထဲ အပြီးသတ် စစ်ဆေးမှာ ဖြစ်ပါတယ်။

ဒီ့နောက်မှာ ကော်မရှင် ဥက္ကဌကို အစီရင်ခံစာ တင်ပြပြီးရင်တော့ စာရင်း အပြည့်အစုံကို ထုတ်ပြန်သွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ခုံရုံး ညွှန်ကြားရေးမှူး ဦးညွန့်တင် က ပြောပါတယ်။

မဲဆွယ် အသုံးစရိတ် မတင်လို့ ကော်မရှင် ခုံရုံးကနေ စစ်ဆေးပြီး အရည်အချင်း ပျက်ယွင်းသူအဖြစ် ကြေညာခံရတဲ့ ကိုယ်စားလှယ်လောင်းဟာ အစိုးရ ၅နှစ်သက်တမ်းအတွင်း လုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရမှာ မဟုတ်ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ